နေပြည်တော် ၂ စက်တင်ဘာ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား CERP အရ စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက တဲကြီးကုန်းကျေးရွာ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ခရိုင်၊ မြို့နယ် အဆင့်တာဝန်ရှိသူများ၊ မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက CERP အရ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများကို ပေးအပ်ကြရာ အကျိုးဆောင်တောင်သူများက လက်ခံရယူခဲ့ကြသည်။

 

ဇမ္ဗူသီရိမြို့နယ်တွင် အကျိုးဆောင်တောင်သူ(၁၁)ဦးတို့က မိုးစပါးမျိုးစေ့ထုတ် ဧက (၅၀) စိုက်ပျိုးခဲ့ကြပြီး ယနေ့အထိ မိုးစပါးစိုက်ဧကစုစုပေါင်း (၉၇၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏ အကျိုးဆက် သက်ရောက်မှုများကို အခြားသူများနှင့်အတူ ခံစားကြရသကဲ့သို့ စိုက်ပျိုးရေ လိုအပ် ချက်အပါအဝင် ရာသီဥတု ပြောင်းလဲသက်ရောက်မှုဒဏ်ကိုပါ ရင်ဆိုင်နေကြရမှုအပေါ် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းလျက်ရှိရာ မျိုးကောင်မျိုးသန့် ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် တစ်နိုင်ငံလုံးတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကတစ်သိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းလုပ်ငန်းအတွက် လိုအပ်သည့် မျိုးစေ့ဖိုး အပင်ပြုစုလုပ်အားခ၊ မျိုးကွဲနုတ်ပယ်၊ မျိုးစေ့သန့်စင်လုပ်အားခ စသည့် စရိတ်များတွင် အသုံးပြုနိုင်ရန် တစ်ဧကလျင် ပျမ်းမျှ တစ်သိန်းခွဲခန့် ကို နိုင်ငံတော်က "ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်" CERP ဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ အထွက်ကောင်း စပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် တစ်ဧကလျှင် ၁၄၈၅၀၀ ကျပ်နှုန်း၊ အရည်အသွေးကောင်း စပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် တစ်ဧကလျှင် ၁၅၀၅၀၀ ကျပ်နှုန်းဖြင့် တစ်နိုင်ငံလုံးအတွက် ကျပ်သန်းပေါင်း ၁၄၉၁၁ ဒသမ ၃၃  အသုံးပြု ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ညီညီသန်း (နေပြည်တော်)

 

mdn