နေပြည်တော် ၉ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မှ တာဝန်ယူ ဆောင်ရွက်နေသော ကြာအင်းဆိပ်ကြီး- တဂေး- ခုတ်ခွား- ကျိုက်ဒုံ ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း 1km အနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်မှ အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်နိုင်ခြင်းဟာ ငြိမ်းချမ်းရေးကြောင့်သာ ဖြစ်ပါကြောင်း၊ ကြာအင်းဆိပ်ကြီး- တဂေး- ခုတ်ခွား- ကျိုက်ဒုံ ကတ္တရာလမ်းသစ်ကို ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုနဲ့ ဒေသအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားအားလုံး သွေးချင်းညီနောင်များသဖွယ် အလွယ်တကူ ကူးလူးဆက်ဆံနိုင်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူမြန်လာတာနဲ့အမျှ ဒေသတွင်းတွင်ရှိသည့် ထွက်ကုန်သီးနှံ ပစ္စည်းများကို အချိန်တိုအတွင်း ရောင်းဝယ် ဖောက်ကားနိုင်မည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယခုလမ်းမကြီးကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းစောင့်ရှောက်စေလိုပါကြောင်းနှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းမှ လမ်းတည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကြာအင်းဆိပ်ကြီး- တဂေး- ခုတ်ခွား- ကျိုက်ဒုံလမ်းကို ကရင်ပြည်နယ် ချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အဆိုပါလမ်းတစ်လျှောက် ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)