နေပြည်တော် ဇူလိုင် ၂၁
ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက မြန်မာနိုင်ငံအနေဖြင့် (၂၀၂၀)ခုနှစ်နှင့် (၂၀၂၁)ခုနှစ်အတွင်း၌ ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ အညွှန်းကိန်းများ (VPD Surveillance Performance indicators) အရ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ယခုထက်ပို၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (၂၀၂၆)ခုနှစ်၌ ကမ္ဘာပေါ်တွင် ပိုလီယိုရောဂါ လုံးဝကင်းစင် ပပျောက်ရေး (Polio Eradication -2026) ရည်မှန်းချက်နှင့် (၂၀၃၀) ခုနှစ်တွင် အရှေ့တောင် အာရှဒေသတွင်း ဝက်သက်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လျော့နည်း ပပျောက်ရေး (Measles Elimination-2030) ရည်မှန်းချက်တို့ အောင်မြင်စေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး အထူးသဖြင့် ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းခဲ့သော နေရာဒေသများတွင် ပိုလီယိုရောဂါ ကင်းစင်ပပျောက်စေရေးအတွက် လတ်တလော အကြောသေရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုး ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် မွေးကင်းစကလေးမေးခိုင်ရောဂါ အစရှိ သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကပ်ရောဂါအသွင်ဖြစ်ပွား ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လက်ရှိအခြေအနေနှင့် နေရာဒေသအပေါ်မူတည်၍ မဟာဗျူဟာများ ချမှတ်ရမည်ဖြစ် ကြောင်း၊ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မှုသည်လည်း အလွန်အရေးကြီးသည့်အတွက် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများအနေဖြင့်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သောကြောင့် ရောဂါများဖြစ်ပွားမှု၊ ဆေးရုံ တက်ရောက်ကုသမှုတို့ကို သတင်းပေးပို့နိုင်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင် ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိကြီးများ၊ အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန များမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယတိုင်းဒေသကြီးနှင့်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှူးများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် (၂၁)ရက်မှ (၂၂)ရက်အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)