နေပြည်တော် ဇူလိုင် ၂၅
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံးဌာန အသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
သစ်တော၊ သစ်ပင်များ၏ ဖြစ်တည်မှုသည် လူအပါ အဝင် သက်ရှိသတ္တဝါအားလုံးတို့ အသက်ရှင်တည်မြဲ နိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပွဲတော်များ ပြုလုပ်လာသည်မှာ ဆယ်စုနှစ်တစ်ခုမက တိုင်ခဲ့ပြီဖြစ်ပြီး သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ကျင်းပကြကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ၊ အဖွဲ့အစည်းများအလိုက် စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်တော၊ သစ်ပင်များ၏ ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါအားလုံး အသက်ရှင်တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက် တစ်ခုပင်ဖြစ်ကြောင်း၊ လူနှင့်သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် သစ်တော၊ သစ်ပင်များသည် အရေးပါလျက်ရှိကြောင်း၊ လူနှင့် သတ္တဝါတို့ကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်အတောက်၊ ဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို စုပ်ယူပေးပြီး လူနှင့် သတ္တဝါတို့ အသက်ရှူသွင်းရန် အောက်ဆီဂျင် ဓာတ်ငွေ့ကို သစ်ပင်များက ထုတ်လွှတ်ဖြည့်ဆည်း ပေးထားခြင်းဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေ စိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ သစ်စေ့မှတစ်ဆင့် သန်စွမ်းသည့်ပျိုးပင်ဖြစ်စေရန် ပျိုးထောင်သည့်စနစ်၊ ယင်းပျိုးပင်ကို မြေချစိုက်ပျိုးသည့်စနစ်၊ စိုက်ပြီးသစ်ပင်များကို ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီးသစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးသည့်စနစ်တို့ဖြင့် စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ အပင်စိုက်ပျိုးရန်အတွက် လုံလောက်သည့် မြေနေရာ ရှိ/မရှိ၊ စိုက်ပြီးသည့်အပင်များ ပေါင်းမြက်၊ လောင်းရိပ်များ ရှင်းလင်းပေးမှု ရှိ/မရှိ၊ အပင်များအတွက် အစိုဓာတ် လုံလောက်မျှတမှု ရှိ/မရှိ၊ အပင် ရှင်သန်ကြီးထွားစဉ် စားသုံးရန်လုံလောက်သည့် မြေဩဇာပမာဏ ပြည့်/ မပြည့် စသည့် အချက်များအထိ ထည့်သွင်းတွက်ချက် စိုက်ပျိုးကြရမည် ဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးပွဲများ၏ အောင်မြင်မှုအကျိုး ရလဒ်ကို ဆက်လက်ထိန်းသိမ်းကြရမည်
တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ယခုကဲ့သို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ် ကျင်းပလာခဲ့ရာ ၂၀၂၁ ခုနှစ်အထိ (၃၂) ကြိမ်၊ အပင် စုစုပေါင်း (၁၆၈၀၈၇) ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမအကြိမ်၌ ၄၃၀၄ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အောင်မြင်ဖြစ်ထွန်းမှုအနေဖြင့် ၆၀ ရာခိုင်နှုန်းအောက် ရောက်သည့်နှစ် ၅ နှစ်သာရှိခဲ့ပြီး ကျန်နှစ်များအားလုံး အောင်မြင်ဖြစ်ထွန်းမှု ၈၀ ရာခိုင်နှုန်းနှင့်အထက်ရှိသည့် မှတ်တမ်းကောင်းများ ရရှိပိုင်ဆိုင်ထားကြောင်းနှင့် ယင်းမှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းသွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော်အနေဖြင့် နှစ်စဉ်ကျင်းပသည့် သစ်ပင်စိုက်ပွဲတော်များတွင် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့် ဒေသနှင့်ကိုက်ညီ သင့်လျော်ပြီး တန်ဖိုးရှိသည့် အပင်မျိုးစိတ်များကို စနစ်တကျရွေးချယ်ပြီး အစီအစဉ်တကျ စိုက်ပျိုးနေကြောင်း။
သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်နိုင်မည်
ထို့ကြောင့် မိမိတို့တပ်မတော်သားများမှအစပြု၍ မိမိတို့နိုင်ငံသားများအနေဖြင့် တစ်ဦးချင်း တစ်ယောက်ချင်းမှ အုပ်စုလိုက်၊ အဖွဲ့အစည်းလိုက်၊ ကျေးရွာလိုက်၊ မြို့နယ်လိုက် သစ်ပင်စိုက်ပျိုးထိန်းသိမ်းသည့် အလေ့အထ ရှိသူများဖြစ်လာမည်ဆိုပါက တစ်နိုင်ငံလုံးသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်လာနိုင်မည်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ် လာမည်ဆိုပါက မိမိတို့နိုင်ငံသားများအနေဖြင့်လည်း သာယာနေပျော်ဖွယ်ကောင်းသည့် သဘာဝပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို မလွဲမသွေပိုင်ဆိုင် လာကြမည်ဖြစ်ကြောင်း၊ ကောင်းမွန်မျှတသည့် ရာသီဥတုနှင့် လတ်ဆတ်သန့်စင်သည့် လေကောင်းလေသန့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရကြမည်ဖြစ်သဖြင့် ကျန်းမာကြံ့ခိုင်ပြီး လူ့သက်တမ်းစေ့နေထိုင် နိုင်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ်လည်း မလွဲမသွေရောက်ရှိလာကြမည်ပင်ဖြစ်ကြောင်း။
သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ကို သွယ်ဝိုက်သည့် နည်းလမ်းအသွယ်သွယ်ဖြင့် အကျိုးကျေးဇူး ဖြစ်ထွန်းစေသည့်အပြင် တိုက်ရိုက်အကျိုးပြုခြင်းလည်း အများအပြားရှိနေကြောင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသများမှ ဒီရေတောများဆိုပါက လေထုအတွင်းမှ ကာဗွန်ဓာတ်ငွေ့ကို ဖယ်ထုတ်ပေးရာတွင် အဓိကအရေးပါပြီး အင်အားကြီးမားသည့် မုန်တိုင်းကြီးများ၏ သက်ရောက်မှုပြင်းအားကို လျှော့ချပေးနိုင်သည့်အပြင် ဦးတည်ရာအရပ် ပြောင်းလဲသွားရန်လည်း အထောက်အကူပြုနိုင်သည်ကို မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ကြရဖူးသည့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင် အထင်အရှား တွေ့မြင်ခဲ့ကြရပြီးဖြစ်ကြောင်း။
ကုန်းတွင်းပိုင်းဒေသများ ဆိုပါကလည်း သစ်တောသစ်ပင်များက မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်သောကြောင့် လယ်ယာကိုင်းကျွန်းမြေများ အောင်မြင်ဖြစ်ထွန်းခြင်း၊ မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်ခြင်းတို့ကြောင့် ရေတွင်းရေကန်နှင့် သဘာဝစမ်းချောင်းများ တည်မြဲနေခြင်းဖြစ်ပြီး မြစ်ရေတိုက်စား၍ ကမ်းပါးပြိုခြင်းနှင့် မိုးများ၍ မြေပြိုသည့်ဖြစ်စဉ်များအပေါ် တိုက်ရိုက်ကာကွယ် လျှော့ချပေးခဲ့သည်များကို သိမြင်မိကြမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် မိမိအတွက်ဆိုခြင်းထက် အများအတွက်ဟူသည့် ကုသိုလ်စေတနာသဒ္ဓါတရား ရှေ့ဆောင်ပြီး ပြုလုပ်အားထုတ်သည့် အလုပ်တစ်မျိုးဖြစ်သည့်အတွက် ဘာသာတရားပိုင်းအမြင်ဖြင့်လည်း ကောင်းမွန်သင့်မြတ်သည့် အလုပ်ဖြစ်ကြောင်း။
စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန် အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုး
စိုက်ပျိုးပြီးစီးခဲ့သည့် အပင်တိုင်းကို စတင်စိုက်ပျိုးပြီးချိန်မှစ၍ စဉ်ဆက်မပြတ် စောင့်ကြည့်သည့်စနစ် ထူထောင်သွားရမည်ဖြစ်ပြီး ထိန်းသိမ်းပြုစုခြင်း လုပ်ငန်းစဉ်များကို ရာသီအလိုက်၊ အပင်သက်တမ်းအလိုက် မပျက်မကွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေ စိုက်ပျိုးကြခြင်းမျိုး မဟုတ်ဘဲ စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပြီးသစ်ပငများ ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီး သစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာ၌ အစားထိုးစိုက်ပျိုးသည့်စနစ်တို့ဖြင့် စီမံ စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများ လုပ်ဆောင်ကြရသည့် အဓိကလုပ်ငန်း တာဝန်ကြီးသုံးရပ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်တစ်ရပ်အဖြစ် ပါဝင်သည့် ပြည်သူ့သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့်အနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။


ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂၁၅၂ ပင်၊ ပျဉ်းကတိုး ၁၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၁၀၇၆ ပင်၊ စုစုပေါင်း ၄၃၀၄ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ် မှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၇၇၀၅၃ ပင်အား စိုက်ပျိုး ခဲ့ပြီးဖြစ်သည်။
တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၉၅၀၃၈ ပင်ကို စိုက်ပျိုးပေးနိုင်ခဲ့
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ် ဌာနချုပ်၌ အပင် ၁၁၁၀၀၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄၆၇၆ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ အပင် ၁၁၉၇၀၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ အပင် ၅၉၀၀၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ အပင် ၁၄၃၀၀ ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၇၇၈၅ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၈၉၃၃ ပင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၌ ၁၀၇၄၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၂၁၀၂၂ ပင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၌ ၉၃၉၅ ပင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၆၅၁၈ ပင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၌ ၉၉၁၅ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၆၄၅၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အပင် ၁၂၀၂၀ တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်း၌ စိုက်ပျိုးသည့် ၄၃၀၄ ပင် အပါအဝင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၉၅၀၃၈ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
