ဟားခါး မေ ၂၅
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်း ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မေ ၂၄ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် တာရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အမှာစကား ပြောကြားရာတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးကျရောက်သော ဒေသများအဖြစ် ကြေညာချက်အပေါ် ယင်းဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်အတွက် ဟားခါးမြို့နယ်တွင် တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူမှု ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးခက်ခဲမှုနှင့် သွားလာရာတွင် လုံခြုံရေးကန့်သတ်ချက်များ ရှိသည့်အတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် ခက်ခဲမှုအချို့ရှိသော်လည်း တပ်မတော်၊ ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ပျက်စီးမှုမှတ်တမ်းဓာတ်ပုံ၊ အချက်အလက်များ ရရှိခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က ဟားခါးမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၈၂)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အမိုးသွပ်များကို ပေးအပ်ရာ လေဘေးသင့်ပြည်သူများက လက်ခံရယူကြပြီး လေဘေးသင့်အိမ်ထောင်စုဝင်များ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)