ကာလိ ၁၃ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ကာလိမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကွန်ဟိန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း၊ Social Distancing နှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများကို ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးပြုရန် ကာဗွန်လိတ်ဆပ်ပြာခဲ (၇) တောင့်၊ လက်သန့်ဆေးရည်(၆)ဘူး၊ နှာခေါင်းစည်း (Mask) အခု (၅၀)ပါ (၄)ဘူး ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကွန်ဟိန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်နှင့် ဝန်ထမ်းများက လှူဒါန်းခဲ့ရာ ကာလိ(အ.ထ.က) တာဝန်ခံကျောင်းအုပ် ဒေါ်နန်းစောဟန်ဦးက လက်ခံ ရယူခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးပိုစတာများ ဆက်လက်ဖြန့်ဝေပေးခဲ့ကြသည်။
ယင်းနောက် ကျောင်းစစ်ဆေးရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်၊ ကွန်ဟိန်းမြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ် သူနာပြုအဆင့်(၁) ဒေါ်နန်းကြာရွှေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကွန်ဟိန်းမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများတို့က ပူးပေါင်း၍ အပတ်စဉ် Social Distancing နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ပြန်/ဆက်)