ကာမိုင်း    ၂၆ ဇူလိုင်

ကာမိုင်း-မြစ်ကြီးနားကားလမ်းကြီးပေါ်ရှိ ကာမိုင်းမြို့နှင့် လဝါးကျေးရွာကြား ခြောက်မိုင်ကွာ မိုင်တိုင်အမှတ်(7KM)ကားလမ်းပေါ်သို့ ယနေ့ နံနက် ၈ နာရီခန့်မှစတင်၍ ရေကျော်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ယင်းလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်ကြီး၊ ယာဉ်ငယ်များ အန္တရာယ်ကင်းရှင်းစွာ ပုံမှန်ဖြတ်သန်းသွားနိုင်ရေး၊ လမ်းပိုင်း ပိတ်ဆို့မှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကားလမ်းရေကျော်နေမှုသည် အထက်ဘက် မိုးရွာသွန်းမှုနှင့် ကာမိုင်းမြို့အတွင်း အဆက်မပြတ် မိုးရွာသွန်းခဲ့သောကြောင့် နန့်ကောင်းချောင်းရေမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။

ကားလမ်းရေကျော်နေသည့်နေရာသို့ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် ခရီးသွားမော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ကာမိုင်းမြို့ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များက သွားရောက်၍ လမ်းပြဆောင်ရွက်ပေးလျက်ရှိရာ လမ်းပိုင်းပိတ်ဆို့မှုမရှိဘဲ ယာဉ်များအန္တရာယ်ကင်းရှင်းစွာ ပုံမှန်ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)