မုံရွာ ၂၃ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာတွင် ရှေးယခင်ကတည်းက မြန်မာ့ရိုးရာ ဆိုင်းဝိုင်းပစ္စည်းများ လုပ်ကိုင်သည့် လက်မှုပညာရပ် တစ်ခုဖြစ်သည့် ပန်းပွတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကိုင်သူ နည်းပါးလာကြောင်း မြန်မာ့ရိုးရာဆိုင်းဝိုင်းပစ္စည်းများ လုပ်ကိုင်သူ ဦးစံမောင်၏ ပြောကြားချက်အရ သိရသည်။
“ဟိုတုန်းကတော့ အကြမ်းထည်တွေပဲ လုပ်ပေးတယ်၊ အခုကြတော့ သစ်တုံးကနေ သရေကျစ်ပြီးတော့ ဆိုင်းတီးလို့ရတဲ့အထိ လုပ်ပေးတယ်၊ ဟိုတုန်းကဆို ချင်းတွင်းမြစ်အတွင်းကရေက ရွာနားရောက်တဲ့အထိ ရောက်တော့ ကုန်ကြမ်းဖြစ်တဲ့သစ်တွေကို အလွယ်တကူသယ်လို့ရတယ်၊ အခုနောက်ပိုင်းကျတော့ ချင်းတွင်းမြစ်ရေက ရွာနားမရောက်တော့ သယ်ယူစရိတ်လည်း ကြီးလာတယ်၊ သစ်တွေကလည်း အလွယ်တကူမရ၊ စိတ်ဝင်စားတဲ့မျိုးဆက်သစ်ကလည်းမရှိတော့ လုပ်တဲ့ သူလည်းနည်းလာတယ်၊ ကြာရင်ဒီပညာရပ်က ကျွန်တော်တို့ ရွာမှာပပျောက်နိုင်တယ်၊ အခုအခြေအနေက လုပ်ကိုင်တဲ့သူက ကျွန်တော်တစ်ဦးတည်းရှိတော့ ဆိုင်းပစ္စည်းတွေ ပြန်ပြီး တော့လုပ်ပေးနေရတယ်” ဟု ပန်းပွတ်ပညာဖြင့် မြန်မာ့ရိုးရာဆိုင်းဝိုင်းပစ္စည်းများ လုပ်ကိုင်သူ ဦးစံမောင်က ပြောသည်။
မြန်မာ့ရိုးရာ ပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ပန်းပွတ်ပညာဖြင့် လုပ်ကိုင်ရသည့် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းပစ္စည်းများကို ၎င်းကျေးရွာတွင် ယခင်က လုပ်ကိုင်သူ (၄)ဦးရှိခဲ့သော်လည်း ကုန်ကြမ်းပစ္စည်း ရှားပါးလာခြင်း၊ ပန်းပွတ်ပညာကို အမွေဆက်ခံမည့် မျိုးဆက်သစ် ရှားပါးလာခြင်းကြောင့် လက်ဆင့်ကမ်း လုပ်ကိုင်သူ နည်းပါးလာခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


