နေပြည်တော် ၂၄ ဇူလိုင်


    
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့၌ ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ညှိနှိုင်းရေးဗျူရို ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး၊ “အပြည်ပြည်ဆိုင်ရာ ဉပဒေလေးစားလိုက်နာခြင်းဖြင့် ငြိမ်းချမ်းမှုမြှင့်တင်ရေးနှင့် ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရေး’’ ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးမှုအစီအစဉ်တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။

 

အဆိုပါအစည်းအဝေးတွင် လက်ရှိဘက်မလိုက်လှုပ်ရှားမှု ဥက္ကဋ္ဌဖြစ်သူ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင် နိုင်ငံပေါင်း(၇၈)နိုင်ငံ၊ လေ့လာသူ (၄)နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း(၇)ခု၊ အထူးဖိတ်ကြားထားသည့် ဧည့်နိုင်ငံ (၂) နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ဇူလိုင် ၂၀ ရက်တွင် ကျင်းပသည့် ဝန်ကြီးအဆင့်အစည်းအဝေး၏ ပထမနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိန့်ခွန်းပြောကြားရာ၌ ဘက်မလိုက်လှုပ်ရှားမှု (Non- Aligned Movement- NAM) အဖွဲ့ကြီးသည် စစ်အေးကာလ အရှိန်မြင့် တက်နေချိန်ကာလတွင် ဘန်ဒေါင်းမူဝါဒများကို အခြေခံ၍ စတင်ဖွဲ့စည်းခဲ့ပြီး၊ ငြိမ်းချမ်း၍ သာယာဝပြောသည့် ကမ္ဘာကြီး ပေါ်ပေါက်လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှခြင်းတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို လွတ်လပ်စွာဖြင့် စဉ်းစားဆုံးဖြတ် နိုင်စေရေးတို့ကို မျှော်မှန်းခဲ့ကြောင်း၊ ယနေ့ကမ္ဘာ့အခြေအနေများ ပြောင်းလဲလာခဲ့ပြီဖြစ်သော်လည်း ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူကြီးများနှင့် မူလရည်မှန်းချက်ကြီးများမှာ ယနေ့တိုင် ဆီလျော်မှန်ကန်နေဆဲဖြစ်ကြောင်း၊ ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း အဖွဲ့ကြီး၏ အခြေခံမူကြီးများ၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလိုက်နာရေး၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် လေးစားမှုရှိရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းဖြင့်ဖြေရှင်းရေးစသည့် အခြေခံမူဝါဒများကို အစဉ်အမြဲ လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ် ပိုင်ခွင့်နှင့် မိမိတို့၏ ပြည်တွင်းရေးပြဿနာကို နိုင်ငံ၏ ပကတိအခြေအနေ၊ အနေအထားနှင့် အသင့်တော်ဆုံးဖြစ်သည့် နည်းလမ်းဖြင့် ဖြေရှင်းခွင့်ရရှိရန် အလှမ်းဝေးနေဆဲဖြစ်နေသေးကြောင်း၊ အချို့ ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့် ပြဿနာအား ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းပေးခြင်းထက် ဝေဖန်အပြစ်ပေးအရေးယူရေးကိုသာ အာရုံစိုက်နေကြကြောင်း၊ ကုလသမဂ္ဂ၏ တာဝန်မှာ ပြဿနာဖြစ်ပွားနေသည့် အသိုက်အဝန်းများအကြား ပိုမိုစိတ်ဝမ်းကွဲမှု ပိုမိုဖြစ်ပွားလာစေခြင်းထက် ပိုမိုနီးကပ်မှုရှိလာစေရေးအတွက် ဆောင်ရွက်ပေးရန် သာဖြစ်ကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကမ္ဘာ့စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်နိုင်ရန်အတွက် အဖွဲ့ကြီး၏ စည်းလုံးညီညွှတ်မှုသည် အလွန်အရေးကြီးကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုးအတွက် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အား အလွဲသုံး စားပြုလုပ်ခြင်းကို ခွင့်မပြုသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

 


ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် သက်ရောက်မှုရှိသည့် အပြည်ပြည်ဆိုင်ရာဉပဒေ မူဝါဒများကို လေးစားလိုက်နာရန် အထူးအရေးကြီးကြောင်း၊ အပြည်ပြည်ဆိုင် ရာဉပဒေအရ အရေးယူမှုများ ပြုလုပ်ရာ၌ ဓမ္မဓိဌာန်ကျရေး၊ ဘက်မလိုက်ရေး၊ စံနှုန်းနှစ်မျိုး ကျင့်သုံးမှု (double standard) ကို ရှောင်ရှားရေးဟူသည့် မူဝါဒများပေါ်တွင် အခြေခံရမည်ဖြစ်ကြောင်း၊ ရောမစာချုပ် (Rome Statute) ၏အဖွဲ့ဝင် နိုင်ငံမဟုတ်သည့် နိုင်ငံတစ်နိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်ပိုင်ခွင့် တောင်းဆိုနေသည့် ကိစ္စမှာ မိမိတို့အတွက် စိုးရိမ်ပူပန်ဖွယ်ရာဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များဆိုင်ရာ ကုလသမဂ္ဂ ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၉) (1969 UN Vienna Convention on International Treaties) တွင် မည်သည့် စာချုပ်ကမှ ယင်းစာချုပ်အား အတည်ပြုပါဝင်ထားခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံအပေါ်တွင် အာဏာသက်ရောက်ခြင်းမရှိစေရဟု ရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံတစ်နိုင်ငံအပေါ် တရားစီရင်ခွင့် ချဲ့ထွင်လာခြင်းသည် စာချုပ်အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံအားလုံးအထိ ဂယက်ရိုက်ခတ်လာမည်ဖြစ်ပြီး၊ ကာလကြာမြင့်စွာဖြင့် အခိုင်အမာတည်ရှိလာခဲ့သည့် ဉပဒေပိုင်းဆိုင်ရာ မူဝါဒများကိုလည်း စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ ယင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒများနှင့်လည်း သွေဖီသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေတွင် အလွန်အန္တရာယ်ရှိသည့် အစဉ်အလာတစ်ခု ဖြစ်သွားစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


    
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အခွင့်ကြုံခိုက် ရှင်းလင်းပြောကြားခဲ့ရာ၌ ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စသည် မြန်မာအစိုးရ ကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအနက် တစ်ခုမျှသာဖြစ်ကြောင်း၊ သို့သော်လည်း ယင်းကိစ္စအား ဘာသာရေးပြဿနာတစ်ရပ်အဖြစ် မှားယွင်းစွာပုံဖော်ရေးသား ထုတ်လွှင့်လျက်ရှိသည့် တစ်ဖက်သတ် သတင်းမီဒီယာလှုံ့ဆော်မှုများကြောင့် ရခိုင် ပြည်နယ်အရေး၏ မကောင်းသည့်ရှုထောင့်ကိုသာ ကမ္ဘာက အထူးအာရုံစိုက်လျက်ရှိကြောင်း၊ အမှန်စင်စစ် ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေးဖိနှိပ်မှု ပြဿနာတစ်ရပ် မဟုတ်ကြောင်း၊ ထို့ပြင် အကျယ်တဝင့် ချဲ့ကားပုံဖော်နေကြသကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေခြင်းလည်း မဟုတ်ကြောင်း၊ ယင်းသည် ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သော ပုံမှန်မဟုတ်သည့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ ဆင်းရဲမှု၊  တရားဉပဒေစိုးမိုးမှုနှင့် လုံခြုံမှုမရှိခြင်းတို့ ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာ တစ်ရပ်ပင်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စု အသိုက်အဝန်းများနှင့် ရွှေ့ပြောင်းအသိုက်အဝန်းများအကြား အပြန်အလှန် ယုံကြည်မှု ကင်းမဲ့မှုနှင့် ကြောက်ရွံ့မှုနှင့် တင်းမာမှုတို့သည် သမိုင်းတစ်လျှောက်နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊ အသိုက်အဝန်းနှစ်ရပ် သဟဇာတ မျှတစွာဖြင့် အတူတကွပြန်လည်ပေါင်း စည်းနေထိုင်နိုင်ရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အခြားနေရာများတွင်မူ ကိုးကွယ်မှု အယူဝါဒ ကွဲပြားသူများသည် ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာဖြင့် အတူယှဉ်တွဲနေထိုင်လျက်ရှိကြကြောင်း၊ ထို့အပြင် မတူညီသည့် ကိုးကွယ် ယုံကြည်သူများ၏  ဘာသာရေးအဆောက်အဉီများသည်လည်း မြန်မာနိုင်ငံရှိမြို့အများအပြားတွင် တစ်ခုနှင့်တစ်ခု နီးနီးကပ်ကပ်တည်ရှိနေကြကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ တစ်စုံတရာ အကဲဖြတ်သုံးသပ် ဆုံးဖြတ်ချက်မချမှတ်မီ မတူညီသည့် နောက်ကြောင်းရာဇဝင်၊ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် လက်ရှိပေါ်ပေါက်နေသည့် ဒေသတွင်း ပဋိပက္ခနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်အပြည့်အစုံကို သိမြင်နားလည်အောင် ကြိုးစားအားထုတ်ရန် အလွန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။


    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသည့် အသိုက်အဝန်းအားလုံး၏ ဆင်းရဲဒုက္ခများအတွက် စိုးရိမ်မှုရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ တို့တွင် ရဲကင်းစခန်း အများအပြားကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်း ချိန်ကိုက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှု စတင်ဖြစ်ပေါ်လာရ ခြင်းဖြစ်သည်ကို  မျက်ကွယ်ပြုထားခြင်းမပြုသင့်ကြောင်း၊ အကြမ်းဖက်မှုကြောင့် အသိုက် အဝန်းအားလုံး ထိခိုက်ခံစားခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အသိုက်အဝန်းတစ်ခုတည်း အတွက်မဟုတ်ဘဲ အထိခိုက်ခံ အသိုက်အဝန်း အားလုံး၏ အခွင့်အရေးကို အကာအကွယ်ပေးရန်နှင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ရေရှည်တည်တံ့သည့် အဖြေရရှိစေရန်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံ့တာဝန် စတင်ယူပြီး အချိန်ကာလမှာပင် ဒေါက်တာ ကိုဖီအာနန် ဉီးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အပါအဝင် ပြဿနာ ဖြေရှင်းနိုင်ရန် လိုအပ်သည့် ယန္တရားများကို မိမိတို့၏သဘောဆန္ဒအလျောက် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ နည်းဗျူဟာတစ်ရပ်အနေဖြင့် ၎င်းတို့၏နိုင်ငံရေး ရည်ရွယ်ချက်ရရှိစေရန်နှင့် ကမ္ဘာမှအာရုံစူးစိုက်မှု ရရှိစေရန်ရည်ရွယ်၍ ချိန်ကိုက်တိုက်ခိုက်မှုကြောင့် ယခုကဲ့သို့ လူအများအပြားနေရပ်စွန့်ခွာခြင်း ပေါ်ပေါက်စေရန် ဖန်တီးခဲ့သည်ဆိုသည့်အချက်ကို အများက လျစ်လျူရှုထားကြကြောင်း၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စု အသိုက်အဝန်း အများအပြား၏ ကြောက်ရွံ့မှု၊ မလုံခြုံမှု၊ ထိခိုက်ခံစားရမှုနှင့် နောက်ခံအကြောင်းအရင်းများကို လူအများက လွယ်လင့်တကူ လျစ်လျူရှုထားကြကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သူအားလုံး၏ ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးကို ရှေးရှုသည့် ရေရှည်တည်တံ့သည့် အဖြေရရှိစေရေးကို အပြည့်အဝကတိကဝတ် ထားရှိပါကြောင်း၊ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက် များအနက် ကျန်ရှိနေသေးသည့် အရေးကြီး ကိစ္စရပ်များအား အကောင်အထည်ဖော်ရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် ပြင်ပမှ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းတိုင်ပင်၍ IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသား မဟာဗျူဟာတစ်ရပ်ကို အပြီးသတ်ရေးဆွဲပြီးလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


    
လက်ရှိအရေးအကြီးဆုံး ဆောင်ရွက်ရမည့်ကိစ္စရပ်တစ်ခုမှာ နေရပ်ပြန်လာရေးကို အနှောင့်အယှက်ပေးနေသည့် အဟန့်အတားများကို ဖယ်ရှားရေးပင်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအတွင်း နေထိုင်ခဲ့ကြောင်း စိစစ်အတည်ပြုနိုင်သူများအားလုံးကို  မြန်မာနှင့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံသွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်းကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ လာမည့် ရက်သတ္တပတ်အတွင်း အာဆီယံနှင့် AHA Center မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိ ကြီးများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ပြီး နေရပ်ပြန်လာရေးအတွက် ပြင်ဆင်ထားသည့်အခြေအနေများကို နေရပ်စွန့်ခွာသူများအား ရှင်းလင်းပြောကြားကြ မည်ဖြစ်ကြောင်း၊ မြန်မာဘက်မှ စိစစ်ပြီး နေရပ်စွန့်ခွာသူများ၏ အမည်စာရင်းများစွာကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးအပ်ထားခဲ့ပြီးဖြစ်ကြောင်း၊ အိမ်နီးချင်း နှစ်နိုင်ငံစလုံးက နှစ်နိုင်ငံသဘောတူညီချက်များကို လိုက်နာကြမည်ဆိုပါက နေရပ်ပြန်လာရေးလုပ်ငန်းစဉ်ကို ယခင်က ဆောင်ရွက်ခဲ့သည့်နည်းတူ အောင်မြင်အောင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။

 

လောလောဆယ် ရင်ဆိုင်နေရသည့် အဓိကအခက်အခဲမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွင်းရှိ သဘောထားတင်းမာသည့်အုပ်စုက နေရပ်ပြန်လာခြင်းကို အမှန်တကယ် လိုလားခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံရေး ရည်ရွယ်ချက် အောင်မြင်စေရန်နှင့် “safe zone” ထူထောင်နိုင်ရန် အတွက် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ဖိအားပေးရေးကိုသာ လိုလားနေခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အာဆီယံတို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအနေဖြင့် နေရပ်ပြန်လာမည့်သူများအတွက် ကောင်းမွန်သည့်ပတ်ဝန်းကျင် တစ်ခုဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့် မေလအတွင်းက သက်တမ်းထပ်မံ တိုးမြှင့်ခဲ့ပြီးဖြစ်ပြီး၊ UNDP နှင့် UNHCR တို့မှ ရခိုင် ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် ကွင်းဆင်းလေ့လာမှု (၄)ကြိမ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၈၀) ကျော်ကို သွားရောက်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာသေးမီက ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံလေ့လာအကဲဖြတ်ရေးအဖွဲ့က ၎င်း၏ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် ကနဉီးလိုအပ်ချက်ဆန်းစစ်လေ့လာမှု အစီရင်ခံစာကို တင်သွင်းခဲ့ရာ အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံအဖွဲ့၏ ထောက်ခံတင်ပြချက်များကို အကောင်အထည် ဖော်သွားရန် တာဝန်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ ရခိုင်ပြည်နယ်အရေးကိစ္စသည် နက်နဲရှုပ်ထွေးပြီး အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှု တည်ဆောက်နိုင်ရန်အတွက် အချိန်နှင့် အခြေအနေပေးရန် လိုအပ်ပါကြောင်း၊ ပြဿနာအတွက် ရေရှည်တည်တံ့သည့် အဖြေရရှိရေးကို လိုလားသည့် မိတ်ဖက်များအား မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များတွင် ပါဝင်ရန်ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ချုပ်ဆိုထားသည့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြဿနာဖြေရှင်းသွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့် ရှိပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားထားပြီးလည်း ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

 

အစည်းအဝေးတွင် အပြီးသတ်စာတမ်း၊ ကာရာကတ်စ်နိုင်ငံရေးကြေညာချက်၊ ပါလက်စတိုင်းနှင့်ပတ်သက်၍ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ဝန်ကြီးအဆင့်ကော်မတီ၏ ကြေညာချက် နှင့် အထွေထွေအစီရင်ခံစာတို့ကို အတည်ပြုခဲ့သည်။ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေးမတိုင်မီ ဇူလိုင်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ အဆင့်မြင့်အရာရှိကြီး များ၏ အစည်းအဝေးကို ကျင်းပခဲ့သည်။

 


ဘက်မလိုက်အဖွဲ့၏ အပြီးသတ်စာတမ်းတွင် ဝန်ကြီးများအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်အား အကောင်အထည်ဖော်ရေးနှင့်  မြန်မာနိုင်ငံသို့ မိမိတို့သဘောအလျောက် ပြန်လာကြမည့် သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် အရေးကြီးသည့် အချက်ကို အလေးထားကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်း အဆင်ပြေချောမွေ့စေရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးတို့အတွက် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များအား အာဆီယံ အတွင်းရေးမှူးချုပ်နှင့် AHA Centre တို့မှတစ်ဆင့် ပံ့ပိုးကူညီရန် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်းစသည်ဖြင့် ထည့်သွင်းဖော်ပြထားသည်။

 


ကာရာကတ်စ်မြို့၌ ရှိစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ ဗင်နီဇွဲလားနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

 


သတင်းစဉ်