ဇွန် ၂၂
ကာတာနိုင်ငံ ရက်စ် လက်ဖန် စက်မှုမြို့တော်ရှိ စက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၅၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၁၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကာတာပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ဒိုဟာမြို့၏ မြောက်ဘက် ၈၀ ကီလိုမီတာခန့်အကွာရှိ ကာတာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ အဓိကတင်ပို့ရာ ဆိပ်ကမ်းဖြစ်သည့် ရက်စ် လက်ဖန်မြို့တွင် ယမန်နေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ရပ်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။
ပျောက်ဆုံးနေသူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ကာ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထိုဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အများပြည်သူအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတ်ငွေ့ယိုစိမ့်မှု တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း အာဏာပိုင်များက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့် ရက်စ် လက်ဖန် စက်မှုဇုန်သည် ယခင်က အီရန်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့်နေရာဖြစ်ပြီး ရက်သတ္တပတ်များစွာ လုပ်ငန်းများ ရပ်နားထားခဲ့ရသည်။ ကာတာအာဏာပိုင်များ၏ ပြောကြားချက်အရ ထိုပေါက်ကွဲမှုသည် အလုပ်သမားများက ဘာဇန်ဓာတ်ငွေ့စက်ရုံတွင် လုပ်ငန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


