နေပြည်တော် ၃၀ မေ
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးဌာန၊ ၂၀၁၉ ခုနှစ် ကာယပညာနှင့် အားကစား အခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစား လေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ယခုသင်တန်း ဆင်းမည့် အမှတ်စဉ်(၂၀)တွင် ကာယဆရာဆရာမ (၃၉၉)ဦးကို မွေး ထုတ်ပေးနိုင် ခဲ့ပြီဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများ အားကာယပညာ ဘာသာရပ်နှင့် အားကစားနည်းအခြေခံများကို စနစ်တကျသင်ကြားပို့ချပေးခဲ့ကြသည့် နည်းပြဆရာ ဆရာမများနှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ နည်းပြများအား ပညာရေးဝန်ကြီး ဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် သင်တန်းတွင် သင်ကြားပို့ချလိုက်သည့်ပညာရပ်များကို မိမိတို့တာဝန်ကျ သည့်အခြေခံပညာကျောင်း များတွင် ရှိသောကျောင်းသားကျောင်းသူများအား စနစ်တကျပြန်လည်သင်ကြားပို့ချ ပေးစေလိုပါကြောင်း၊ ကာယပညာဘာသာရပ်သည် စဉ်ဆက်မပြတ်လေ့လာသင်ယူ နေရမည့် ဘာသာရပ်ဖြစ်ပါကြောင်း၊ ဖွံဖြိုးတိုးတက်သောနိုင်ငံများတွင် ကာယပညာ ဘာသာရပ်ကိုအထူးအလေးထား သင်ကြားလေ့ကျင့်ပေးနေကြသည်ကို တွေ့မြင်ရ ပါကြောင်း၊ သင်တန်းတွင်သင်ကြားပို့ချခဲ့သမျှ သေချာစွာလေ့လာသင်ယူ မှတ်သား ခဲ့ကြသလိုစဉ်ဆက်မပြတ်ဆက်လက်လေ့လာ သင်ယူနေကြရန် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလွှာများကို ချီးမြှင့်ပေးအပ်ရာသင်တန်းသား၊သင် တန်းသူများနှင့် သင်တန်းနည်းပြများက လက်ခံရယူကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးကသင်တန်းသားစံပြဆုနှင့် သင်တန်းသူစံပြများကို ချီးမြှင့်ပေးအပ်ရာ (ကသ-၃၃) ဦးကျော်ရဲအောင်နှင့် (ကသ-၃၉၃) ဒေါ်ခိုင်ယဉ်မွန်တို့က လက်ခံရယူကြသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း က သင်တန်းကာလအတွင်းလှူဒါန်းခဲ့သော အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးအား ဂုဏ်ပြုလွှာချီးမြှင့်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀)သင်တန်းကို ဧပြီ(၂၀)ရက်မှ မေ(၃၀)ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)