ရန်ကုန် ၁၆ စက်တင်ဘာ

 

မြန်မာစာပေလောက၌ စာရေးဆရာ၊ ကဗျာဆရာအဖြစ် ဘဝတစ်လျှောက်လုံး ရင်းနှီးမြှုပ်နှံခဲ့သော ကဗျာဆရာကြီး မောင်ပန်းမွှေး (မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးလှမြင့်) (၈၁နှစ်)သည် စက်တင်ဘာ ၁၅ ရက် (အင်္ဂါနေ့) နံနက် ၀၀:၁၅ နာရီတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

 

ဆရာကြီး မောင်ပန်းမွှေးသည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ပညာရေးတက္ကသိုလ်(ရန်ကုန်) မြန်မာစာဌာန၊ ပုသိမ်ကောလိပ် မြန်မာစာဌာန၊ စစ်တွေကောလိပ် မြန်မာစာဌာနတို့တွင် တက္ကသိုလ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးလောကအတွက် အကျိုးပြုခဲ့ပါသည်။ မြန်မာစာပေ လောကတွင်လည်း ဆရာကြီးရေးသားပြုစုခဲ့သော ပို့စကတ်ကဗျာများ၊ ကဗျာဆိုင်ရာ ကျမ်းများ၊ ဓမ္မစာပေများ စသည့် သုတ၊ ရသစာပေလက်ရာ များစွာကျန်ရှိခဲ့ပြီး စာဖတ်ပရိသတ်များက ဆရာကြီး၏ ကဗျာစာပေ အနုပညာလက်ရာများကို အမြဲသတိရလွမ်းဆွတ်နေရဦးမည်ဖြစ်ပါသည်။ ဆရာကြီးရေးသားပြုစုခဲ့သော စာပေလက်ရာများသည် စာဖတ်ပရိသတ်များ၏ နှလုံးသားတွင် လည်းကောင်း၊ စာပေလောကသားများ၏ ရင်ထဲတွင်လည်းကောင်း တန်ဖိုးရှိသော စာပေလက်ရာများအဖြစ် ထာဝစဉ်ရှင်သန် ကျန်ရစ်ခဲ့ပြီဖြစ်ပါသည်။ ထို့ပြင် ဆရာကြီးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟ အသင်း(ဗဟို)က ထုတ်ဝေသည့် သာသနာ့အလင်းဂျာနယ်တွင် အယ်ဒီတာချုပ် အဖြစ်ဆောင်ရွက်ပြီး ဘာသာ၊ သာသနာအကျိုးကို တစ်ဖက်တစ်လမ်းက စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

 

ယခုကဲ့သို့ ဆရာကြီး ကွယ်လွန်သွားခြင်းသည် ဆရာကြီး၏မိသားစုများ၊ တပည့်များ၊ စာဖတ်ပရိသတ်များ၊ စာပေလောကသားများအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

ဆရာကြီးမောင်ပန်းမွှေး ကွယ်လွန်ချိန်၌ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉) ရပ်ကွက်၊ ယူကလစ်မြိုင်လမ်း၊ အမှတ်(၁၉၂/၆)၌ နေထိုင်ပြီး ဇနီးဖြစ်သူ ဒေါ်ဝါဝါမေနှင့် သားဖြစ်သူ မောင်သက်လှိုင်မွှေးတို့ ကျန်ရစ်ကြောင်း သိရသည်။

 

မြန်မာ့အလင်း