တောင်ကြီး ၁၈ မေ

 
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီး၌ မေ ၁၈ ရက် ညနေ ၄ နာရီက ပရိဘောဂစေတီခေါ် မဟာဗောဓိညောင်ပင်အား ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြကြောင်း သိရသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်သည့်ပွဲကို နမောတဿ သုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဂုဏ်ပြုပူဇော် မင်္ဂလာအခါတော်ကို ဝတ်အသင်းများမှ သံပြိုင်ညီညာ ရွတ်ဆိုပူဇော်၍ နဂါး၊ ဂဠန်၊ နတ်၊ ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူး ချီးကျူးကြွေးကြော်ကဗျာကို သံပြိုင်ညီညာ ရွတ်ဆိုပူဇော်ကာ ဦးနေမင်းခမှ ပရိတ်သတ်ကိုယ်စား ဘောဓိရုပ်က္ခေါဒကသိဉ္ဈန မင်္ဂလာဂါထာတော်ဖြင့် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။

 

1


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့က ဘောဓိညောင်ခြေပလ္လင်ဗွေ၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြပြီး ဦးနေမင်းခမှ ပတ္တာနုမောဒနာဂါထာတော်ဖြင့် ညောင်ရေတော်သွန်းလောင်းမှု အကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို နတ်ဗြဟ္မာသတ္တဝါတို့အား အမျှပေးဝေကြကာ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့က စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်ပတ်ကာ ဗုဒ္ဓရုပ်ပွားတော်အား ပန်းရေချမ်း ဆက်ကပ်ပူဇော်ကြကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)