မန္တလေး မေ ၁၄
ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိ သောနေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂ စေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေ သွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းစသည့် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့ နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင် တော်မြတ်အား ရေတော်ဆရာတော် အမှူးပြု၍ ဘုရားကြီးမျက်နှာ သစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ဂေါပကအဖွဲ့ဝင်များ၊ ဓမ္မစင်္ကြာဝတ် အသင်းများ ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ ခုနှစ်နေ့နံဘုရားများတွင် ရေသပ္ပါယ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြခြင်းများအပြင် မဟာမုနိပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင် အား ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် မန္တလေးမြို့တွင်းရှိ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ ချမ်းသာကြီးဘုရား၊ ချမ်းသာရဘုရား ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ သကျသီဟ ဘုရား၊ ကျောက်စိမ်းစေတီတော်နှင့် အောင်တော်မူ မြတ်စွာဘုရားတို့တွင်လည်း ဘုရားဖူးလာသူများ၊ ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကား လျက်ရှိပြီး အလှူရှင်များက စတုဒိသာကြာဆံဟင်း ရေသန့် အချိုရည်များ လှူဒါန်းတိုက်ကျွေးကြသည်။
ထို့အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဉီးဆောင်၍ ဌာနဆိုင်ရာများ နှင့်အတူ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၅ နှစ် ပြည့်ပြီး ၂၅၆၆ နှစ်သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ နံနက် (၆)နာရီ အချိန်တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ကျုံးတစ်ဖက်စီ၌ ဆရာတော်၊ သံဃာတော် ၂၅၆၆ ပါးစီဖြင့် စုစုပေါင်း ဆရာတော်၊ သံဃာတော် (၁၀၂၆၄)ပါးတို့က အန္တရာယ်ကင်း ပရိတ်တရားတော်များကို တစ်ချိန်တည်းတစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်ကြပြီး မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် (၁၀၂၆၄) ပါးတို့အား မန္တလေးနန်းမြို့ရိုး ကျုံးပတ်လည် လေးပြင်လေးရပ် လမ်းမကြီး များ၌ အလှူရှင်များမှ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု ငွေများကို တစ်ပြိုင်တည်း လောင်းလှူကြသည့် ပုံရိပ်များသည်လည်း နေ့ထူးနေ့မြတ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကြည်ညိုဖွယ်ရာ မြင်ကွင်းအဖြစ် တွေ့မြင်ကြရသည်။
အလားတူ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင် တည်ရှိသော မင်းတုန်းမင်းတရားကြီး စိုက်ပျိုး လှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်နှင့် မန္တလေးတောင်ခြေရှိ မဟာဗောဓိညောင်ပင်တို့တွင်လည်း ညောင်ရေသွန်းလောင်း ပူဇော်ကြသူများဘုရားဖူးလာ ပြည်သူ များဖြင့်စည်ကားလျက်ရှိသည့်အပြင် မြို့နယ် ရပ်ကွက်များရှိဘုရားများတွင် စိုက်ပျိုးထားရှိသည် ဗောဓိညောင်ပင်များ၌လည်း ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ကာ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် မန္တလေးမြို့လုံးအနှံ့ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


