နေပြည်တော် ၁၈ မေ
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည် ဂေါတမဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်၍ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုဒ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒီသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုကြသည်။
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ကဆုန်လပြည့်နေ့ အခါသမယတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘုရားကျောင်းကန်စေတီများတွင် ဗောဓိညောင်ရေသွန်း လောင်းပူဇော်ကြသူများ၊ ဥပုဒ်သီလဆောက်တည်ကြသူများ၊ စတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသများမှ လာရောက် ဘုရားဖူးမျှော်ကြသူများ၊ တရားဘာဝနာပွားများကြသူများဖြင့် ညပိုင်းအထိ စည်ကားလျက်ရှိပြီး စတုဒီသာကျွေးမွေးသူများလည်း များပြားလျက်ရှိသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် ဓာတုစယဓာတ်ပေါင်းစုစေတီတော်၌ (၉)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပခဲ့ပြီး ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းကြသူများ၊ လာရောက်ဖူးမျှော်ကြသူများ၊ စတုဒိသာကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဗုဒ္ဓဂယာ၊ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ လက်လုပ်တောင်စေတီ၊ ကိုးနဝင်းစေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ဥပုဒ်သီလ ဆောက်တည်ကြသူများ၊ တရားနာယူကြသူများ၊ ဝတ်ရွတ်ပူဇော်ကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများ၊ အကျွေးအမွေးကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာဗေဓိညောင်ပင်များအား (၁၁)ကြိမ်မြောက် ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းရန် ပန်ကြားသည့်ဂါထာကို အခမ်းအနားမှူးကရွတ်ဆိုပြီး ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဟာဗောဓိညောင်ပင်များအား ရေစင်ရေသန့်များ သွန်းလောင်းပူဇော်ကြသည်။
သတင်းစဉ်
ဓာတ်ပုံ- စိုးမိုးအောင်၊ ကိုပေါက်(ဥက္ကာမြေ)၊ မြင့်သန်းကြည်(ရွှေပြည်သာ)
