ကျောက်ဆည် ၂၄ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အရှေ့ဘက်ခြမ်းဒေသများတွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“နနွင်းက တောင်ပေါ်ဒေသရော၊ မြေပြန့်ဒေသပါ စိုက်ပျိုးလို့ရတယ်၊ ကျွန်တော်တို့ဒေသက ဆည်ရေသောက်စနစ် ဆိုတော့ တန်ခူးလ၊ ကဆုန်လလောက်မှာ စတင်စိုက်ပျိုးကြတယ်၊ တစ်ဧကကို နနွင်းခေါင်းကို စိုက်ရင် တင်း(၅၀/၆၀) လောက် စိုက်ပျိုးရပြီး၊ နနွင်းတက်အစိုကို ပျိုးပြီး စိုက်ပျိုးရင် တင်း(၇၅/၈၀) လောက်ထိ စိုက်ပျိုးရတယ်၊ နနွင်းက အလုပ်သိပ်မရှုပ်ဘူး၊ စိုက်ပျိုးပြီးရင် အပေါ်က နှမ်းကြဲကြတယ်၊ နှမ်းသိမ်းပြီး မှ မြေပြုပြင်၊ ရေသွင်း၊ ဘောင်တင်၊ မြေသြဇာထည့်ရတယ်၊ ဝါဆိုလလောက်ဆို အပင်တွေစတင် ပေါ်ထွက်လာပြီး လိုအပ်ရင် ပေါင်းရှင်းတာတို့၊ ရေသွင်းတာတို့၊ ပိုးသတ်ဆေးဖြန်းတာတို့ ပြုလုပ်ပေးရတယ်၊ တပို့တွဲလ၊ တပေါင်းလလောက်မှာ နနွင်းရွက်များ ဝါလာရင် တူးဖော်ကြတယ်၊ အပင်ဘေးကထွက်တဲ့အစွယ်ကို အတက်လို့ခေါ်ပြီး အပင်ခြေကို ခေါင်းလို့ခေါ်ပါတယ်။ နနွင်းခေါင်းကိုတော့ နောက်နှစ်စိုက်ပျိုးရန် သိမ်းထားပြီး ဈေးကွက်ကို တင်ပို့ရောင်းချမယ့် နနွင်းတတ်များကို ရေနွေးနဲ့ပြုတ်ပြီး တစ်ပတ်ဆယ်ရက်လောက် နေလှန်းပေး ရတယ်။ တစ်ချို့က နောက်နှစ်ကျမှ မျိုးသပ်သပ် ဝယ်စိုက်ကြတာလည်းရှိတယ်။ ပိုးမွားကင်းစင်မှု၊ အပင်ဖြစ်ထွန်းမှုပေါ်မူတည်ပြီး နနွင်းအခြောက် တစ်ဧကကို ပိဿာချိန် ၁၀ဝ၀ ဝန်းကျင်လောက် ထွက်တယ်။ လက်ရှိ ရွာမှာတော့ နနွင်းတစ်ပိဿာကို ငွေကျပ် (၁၈၀ဝ) ဈေးပေါက်နေတယ်။ မနှစ်ကတော့ ငွေကျပ် (၂၂၀ဝ) နဲ့ဈေးပိတ်ခဲ့တယ်။”ဟု ကျောက်ဆည်မြို့နယ်၊ ပဲခင်းကျေးရွာမှ နနွင်းစိုက်တောင်သူ ကိုတိုးတိုးအောင် က ပြောကြားသည်။
အဆိုပါ ဒေသများသည် ဆည်ရေသောက်စနစ်ဖြင့် သီးနှံများ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စပါး၊ နှမ်း၊ ငရုတ်၊ ငှက်ပျော၊ကွမ်းရွက်၊ နနွင်းတက် အစရှိသော သီးနှံများ အဓိက စိုက်ပျိုးလျက်ရှိပြီး နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


