ကျောက်ဆည် ၂၁  ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်ရေး ဌာနအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ က အဆိုပါ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့ စက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ နေမျိုးထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားမဟာဗျူဟာစီမံကိန်း  ၂၀၁၆-၂၀၂၁ ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ နည်းပညာနှင့်သက်မွေးပညာ ကဏ္ဍသည်လည်း အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်ပါကြောင်း၊ မဟာဗျူဟာများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥရောဂသမဂ္ဂ EU မှ များစွာထောက်ပံ့ပေးထားပါကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စွမ်းဆောင်ရည် မြှင့်တင်ရေး ဌာနမှူး ဒေါက်တာကြူကြူဆွေက ပညာရေးမဟာဗျူဟာစီမံကိန်း အောင်မြင်ရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ ၊စက်ရုံ၊အလုပ်ရုံနှင့် ကုမ္ပဏီပိုင်ရှင်များ၊ ဆရာ/ဆရာမများ စုပေါင်းပြီး ဆွေးနွေးပွဲရလဒ်ကောင်းများ ထွက်ပေါ်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်ရေး ဌာနလုပ်ငန်းများ အကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ ကြသည်။

 

ထိုသို့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းအားဖြင့် ဆရာ/ဆရာမများ အနေဖြင့် စက်ရုံအလုပ်ရုံများသို့ သွားရောက် လေ့လာပြီး လုပ်ငန်းခွင် အတွေ့အကြုံများ ပိုမိုရရှိပြီး တစ်ဦးချင်းစွမ်းဆောင်ရည်များ မြင့်တက်လာပြီး ကျောင်းသား/ ကျောင်းသူများ သင်ကြားရာတွင်လည်း ပိုမိုထိရောက်မှာဖြစ်ကြောင်း သိရှိရသည်။

           

သက်မောင်(ကျောက်ဆည်)