ကျောက်ဆည်၊ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အင်ရောင်းကျေးရွာဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အင်ရောင်းကျေးရွာအုပ်စုမှ အသက်(၁၀)နှစ်မှ (၁၆)နှစ်အတွင်းရှိ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦး၊ အသက်(၁၆)နှစ်မှ (၁၈)အတွင်းရှိ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း(၁၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦးပါဝင်သည့် အိမ်ထောင်စုလူဦးရေစာရင်းများလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စု၊ ကျေးရွာပေါင်း (၂၁၇)ရွာရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၈)အောက် (၁၁၁၉)ဦးနှင့် အသက်(၁၈)အထက်(၄၁၀၃)ဦး စုစုပေါင်း (၅၂၂၂)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
သက်မောင်


