ကျောက်ဆည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဇူလိုင်(၂၁)ရက်နံနက်(၉)နာရီခွဲက အင်တိုင်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် အခြေခံလျှပ်စစ် သံဂဟေဆက်နည်းသင်တန်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ၊ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက ကျေးရွာပြည်သူများ အလုပ်အကိုင်အဆင်ပြေစေပြီး မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်စေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးနိုင်ရန် စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်ပါက လက်တွေ့လုပ်ငန်းများ ထူထောင်၍ အကျိုးရှိစွာ လုပ်ကိုင်ကြရန် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးချင်းစီမှ လက်တွေ့တွင် မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခြေခံလျှပ်စစ် သံဂဟေဆက်နည်းသင်တန်းအား ဇူလိုင်(၂၁)ရက်နေ့မှ ဩဂုတ်(၁၉)ရက်နေ့အထိ ရွှေလေးနှင့်အင်တိုင်း၊ အရှေ့ငယ်တိုးကျေးရွာများမှ သင်တန်းသား(၂၀)အား ပစ္စည်းများအား အခြေခံတိုင်းတာနည်း၊ တွက်ချက်နည်း၊ ဖြတ်တောက်နည်းများနှင့် သံဂဟေဆက်ရာတွင် တေ့ဆက်/ထပ်ဆက်၊ အလျားလိုက်၊ ရေပြင်ညီ၊ ဦးခေါင်းမော့ ဂဟေဆက်နည်းများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)