ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက ၂၂၆၈၅ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၂၉၅၇၃) ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ (၂၂၆၈၅) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။

ဆောင်းကုလားပဲများကို တိုက်နယ်(၁)တွင် (၁၈၉၅)ဧက၊ တိုက်နယ်(၂)တွင် (၂၀၀၃)ဧက၊ တိုက်နယ် (၃)တွင် (၁၂၀၁)ဧက၊ တိုက်နယ်(၄)တွင် (၁၅၂၅)ဧက၊ တိုက်နယ်(၅)တွင် (၆၀၅)ဧက၊ တိုက်နယ်(၆)တွင် (၂၃၄၅)ဧက၊ တိုက်နယ်(၇)တွင် (၁၄၅)ဧက၊ တိုက်နယ်(၈)တွင် (၄၃၀၇)ဧက၊ တိုက်နယ်(၉)တွင် (၁၀၇၇)ဧက၊ တိုက်နယ်(၁၀)တွင် (၁၈၄၁) ဧက၊ တိုက်နယ်(၁၁)တွင် (၁၉၂၁)ဧက၊ တိုက်နယ်(၁၂)တွင် (၃၈၁၉)ဧက စုစုပေါင်း (၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။

ကုလားပဲတစ်ဧက စိုက်ပျိုးမည်ဆိုပါက စိုက်နည်းစနစ်အပေါ်မူတည်ကာ ကုလားပဲမျိုးစေ့(၈)ပြည်မှ (၁၀)ပြည်အထိ အသုံးပြုရကြောင်း၊ အထွက်နှုန်းအနေဖြင့် ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး တင်း(၂၀)မှ (၂၃)တင်းအထိ ထွက်ရှိကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ကုလားပဲစိုက်ဧက (၂၉၅၇၃)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ CC V-2၊ ရေဆင်း(၃)၊ ရေဆင်း(၄) ကုလားပဲမျိုးများ အများဆုံးစိုက်ပျိုးကြကြောင်း ICC V-2 ကုလားပဲမျိုးသည် သက်တမ်းအားဖြင့် (၇၅)ရက်ရှိပြီး ရေဆင်း(၃)၊ ရေဆင်း(၄) ကုလားပဲမျိုးများသည် ရက်ပေါင်း (၈၅)ရက်ကြာကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြ၍ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)