ကျောက်ဆည် ၂၂ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းနှင့် မကူးစက်တတ်သော ရောဂါစီမံချက်တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများအတွက် ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များတွင် အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်ရန် မျက်စိရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆီးချိုသွေးချိုကြောင့် အမြင်အာရုံထိခိုက်စေသည့် မျက်စိရောဂါ စေတနာ့ကျန်းမာရေးဝန်ထမ်းများ သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ကျောက်ဆည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်က ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့ယွင်းခြင်းကို စစ်ဆေးခြင်း၊ လူနာအား ညွှန်းပို့ခြင်းနှင့် မျက်စိရောဂါ အထူးကုဌာနများမှ ရောဂါရှာဖွေဖော်ထုတ်ကုသပြီး ပြန်လည်ညွှန်းပို့သော လူနာများအား နောက်ဆက်တွဲ စောင့်ရှောက်ကုသခြင်း လုပ်ငန်းတို့တွင်လည်း ပါဝင်ဆောင်ရွက်နိုင်စေရန် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြင့်တက် လာစေရန် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စေတနာ့ဝန်ထမ်းကျန်းမာရေး လုပ်သား ၃၀ အား သင်တန်းပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး Helen Keller International စီမံကိန်းအရာရှိ ဒေါက်တာညီညီဇော်က ဆီးချိုသွေးချိုကြောင့် ဖြစ်သောအမြင်အာရုံ ထိခိုက်သည့် ရောဂါအကြောင်းများနှင့်ပတ်သက်၍ စေနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ကျေးလက်နေပြည်သူများအား ကျန်းမာရေးအသိ ပညာပေး ပြန်လည်မျှဝေ နိုင်စေရန် စီမံကိန်း လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပံ့ပိုးကူညီ ဆောင်ရွက် ပေးနိုင်စေရန်အတွက် ပရိုဂျက်တာဖြင့် ရှင်းလင်းပြပေးခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများဖြင့် စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)