ကျောက်ဆည်    ၂   စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ကျောက်ဆည်မြို့အဝင် ရန်ကုန်-မန္တလေးလမ်း ကားလမ်းမပေါ်၌ Mask များ တပ်ဆင်သွားလာမှု မရှိသူများအား အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် ဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကျောက်ဆည်မြို့အဝင် ဆင်နှစ်ကောင် အနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင် မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားလာနေသော ပြည်သူများအား Mask  များ တပ်ဆင်ထားခြင်း ရှိမရှိ စစ်ဆေးကာ တပ်ဆင်ထားခြင်း မရှိသူများအား Mask (၂)ခုလျှင် ငွေကျပ်(၅၀ဝ၀)ဖြင့် ဝယ်ယူစေကာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ၊ထိန်းချုပ်ရေးအတွက် ပြည်သူများ  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရေး ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်း၊ Mask များ စနစ်တကျတပ်ဆင်စေရန် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်တင်ထွေး(ခရိုင် ပြန်/ဆက်)