ကျောက်ဆည် ၈ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ကျေးရွာ(၃၂)ရွာရှိ အိမ်ထောင်စု (၁၅၀၀)အား မိသားစုစားဝတ်နေရေး အဆင်ပြေစေရေး အတွက် သီးနှံ(၁၁)မျိုး ထောက်ပံ့ပေးအပ်ခဲ့ရာ ယခုအခါ သီးပင်စားပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ထောက်ပံ့ပေးအပ်ခဲ့သော သီးနှံများမှာ ဘူး၊ ရုံးပတီ၊ ခရမ်း၊ ကျောက်ဖရုံ၊ ငရုတ်၊ မုန်လာ၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ရွှေဖရုံ၊ သခွား၊ တိုင်လွတ်ပဲ စသည့် သီနှံများဖြစ်ကြောင်း သိရကာ မင်းရဲနည်းပညာပေးစိုက်ပျိုးရေးစခန်း အတွင်းရှိ ကျေးရွာ(၃)ရွာ၊ သင်းတွဲနည်းပညာပေး စိုက်ပျိုးရေး စခန်းအတွင်းရှိ ကျေးရွာ(၆)ရွာ၊ သင်းဒီး နည်းပညာပေး စိုက်ပျိုးရေးစခန်းအတွင်းရှိ ကျေးရွာ(၆)ရွာ၊ ရုံးကြီး နည်းပညာပေး စိုက်ပျိုးရေးစခန်းအတွင်းရှိ ကျေးရွာ(၆)ရွာ၊ စမာနည်းပညာပေး စိုက်ပျိုးရေးစခန်းအတွင်းရှိ ကျေးရွာ(၆)ရွာ၊ တမုတ်နည်းပညာပေး စိုက် ပျိုးရေးစခန်းအတွင်းရှိ ကျေးရွာ(၅)ရွာ၊ စုစုပေါင်း ကျေးရွာ(၂၃)ရွာမှ အိမ်ထောင်စု (၁၅၀၀)စုကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စားဖိုဆောင်သုံးသီးနှံများ ပြည်သူကိုယ်တိုင်စိုက်ပျိုးစားသုံးခြင်းဖြင့် စားဖိုဆောင်ကုန်ကျစရိတ် လျှော့ချ နိုင်ခြင်း၊ ဓာတုဓာတ်ကြွင်းကင်းသော ကိုယ်တိုင်စိုက်သီးနှံများ စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန် ခြင်း၊ ထွက်ရှိလာသော ပိုလျှံသီးနှံများကို အိမ်နီးချင်းမိသားစုများအား ဝေငှစားသုံးခြင်းဖြင့် ပြည်သူများအချင်းချင်း ရင်းနှီးနွေးထွေးမှုများ မိုပိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


