ကျောက်ဆည် ၂၁ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးစပါးဧက (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အချိန်တွင် ပျိုးထောင်စိုက်ပျိုးပြီး ဧကပေါင်း (၄၀၉၀၇) ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ယခုနှစ် မိုးစပါးစိုက်ဧကများကို မင်းရဲရှေ့တန်းစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာတွင် (၅၉၃၀) ဧက၊ သင်းတွဲရှေ့တန်းစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာတွင် (၁၀၁၃၀)ဧက၊ သင်းဒီးရှေ့တန်း စိုက်ပျိုးရေး စင်တာတွင် (၉၈၇၃) ဧက၊ ထုံးကြီးရှေ့တန်းစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာတွင် (၉၂၄၅) ဧက၊ စမာ ရှေ့တန်း စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေး စင်တာတွင် (၈၀၃၂)ဧက နှင့် တမုတ်ရှေ့တန်းစိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာတွင် (၉၆၀၆) ဧက၊ စုစုပေါင်းဧက (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
စပါးများ စိုက်ပျိုးရာတွင်အချိန်မီ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဇွန်လ(၁၅)ရက်နေ့မှစတင်ပြီး ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်နှင့် ဇီးတောဆည်များမှ ခွဲထွက် လာသည့် ငပြောင်၊ နွားတက်၊ မင်းရဲ၊ တမုတ်၊ ဇီးတော စသည့် မြောင်းမကြီးများ၊ လက်ခွဲမြောင်းများဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရှိရပြီး အဆိုပါစိုက်ပျိုးရေးများ လေလွင့်ဆုံးရှုံးမှု နည်းစေရန်နှင့် စနစ်တကျ သုံးစွဲနိုင်ရေး ဒေသခံတောင်သူများဖြင့် ဖွဲ့စည်းထားသည့် ရေအသုံးချသူများ အဖွဲ့များနှင့် ပူးပေါင်းကာ မိုးစပါးများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)