ကျောက်ဆည်  ၂၂  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နွေသီးနှံစိုက် တောင်သူများအား မျိုးစေ့ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းက ယခု ထောက်ပံ့ပေးမည့် မျိုးစေ့များသည် သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နွေသီးနှံ စိုက်ပျိုး တောင်သူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးရဲမင်သောင်းက မျိုးစေ့များ ထောက်ပံ့ရာတွင် ပျက်စီးခဲ့သည့် သီးနှံအမျိုးအစားအလိုက် ကုန်ကျမျိုးစေ့များ တွက်ချက်ကာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။   

 

ထို့နောက် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရဲမင်းသောင်းနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များက သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နွေသီးနှံ စိုက်တောင်သူ(၆၀)ဦးအတွက် မျိုးစေ့ (၁၈၃)တင်း(၁၄)ပြည်အား သက်ဆိုင်ရာကျေးရွာအုပ်စု  လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဖွဲ့များထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် အင်တိုင်းကျေးရွာအုပ်စုမှ နွေစပါးစိုက် တောင်သူ (၅၂)ဦး၏  စိုက်ဧက(၁၀၉.၇၈)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုမှ ပဲတီစိမ်း စိုက်တောင်သ (၇)ဦး၏ စိုက်ဧက (၁၁.၂၀) ဧက၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စုမှ ပဲတီစိမ်းစိုက်တောင်သူ(၁)ဦး၏ စိုက်ဧက (၂) ဧကအတွက်  တစ်ဧလျှင် ထောက်ပံ့မျိုးစေ့ (၁)တင်း(၈)ပြည်နှုန်းဖြင့် စုစုပေါင်း မျိုးစေ့(၁၈၃)တင်း (၁၄)ပြည်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

           

သက်မောင်(ကျောက်ဆည်)