ကျောက်ဆည်  ၅ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးမှုအား ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား နိုင်ငံတော်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၂၀၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၇၅ ဒသမ ၃၉၉ ၊  စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၇၅ ဒသမ ၃၉၉ သန်းဖြင့် နှိုင်းယှဉ်မေတ္တာကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် မိသားစုများ နေထိုင်ရေးတွင် များစွာအဆင်ပြေတော့မည်ဖြစ်ပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ပိုမိုထိရောက်စွာ  ထမ်းဆောင်နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)