ကျောက်ကြီး ၂၅ သြဂုတ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ အိမ်ထောင်စုဝင်များ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်သို့ ယာယီပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် သြဂုတ် ၂၃ ရက်က မိုးရေချိန်(၄ ဒဿမ ၁၂) လက်မ ရွာသွန်းခဲ့မှုကြောင့် မြို့ပေါ် ချောင်းကမ်း ဘေးနှင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်များသို့ ချောင်းရေများ ဝင်ရောက်လာသဖြင့် ပဲခူးရပ်ကွက်ရှိ အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၆၇)ဦး၊ တောင်ငူတန်းရပ်ကွက်ရှိ အိမ်ထောင်စု(၃)စု၊ လူဦးရေ (၁၁)ဦး၊ နီးစပ်ရာ ဆွေမျိုးများနေအိမ်နှင့် မြို့ဦးဘုန်းကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေသည် အန္တရာယ်ရေအမှတ် (၁၁၇၀) စင်တီမီတာ၊ စိုးရိမ်ရေအမှတ် (၁၁၀၀)စင်တီမီတာရှိရာ ယမန်နေ့တွင် (၉၄၀)စင်တီမီတာရှိပြီး ကျောက်ကြီးမြို့ ချောင်းရေမှာ (၁ ဒသမ ၈)ပေခန့် မြင့်တက်လာခြင်းဖြစ်ပြီး စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


