ကျောက်မဲ ၁၆ မေ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီမှ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပုဂ္ဂလိက အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း တင်ဒါဖွင့်ဖောက် ရွေးချယ်ခြင်းကို မေ ၁၆ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး စည်ပင်အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးက ကျောက်မဲမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ တစ်နေ့တစ်ခြား စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူဦးရေးတိုးပွားလာခြင်း၊ လုပ်ငန်းလုပ်ကိုင် သူများပြားလာခြင်း တို့ကြောင့် စွန့်ပစ်အမှိုက်ပမာဏနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု များပြားလာသဖြင့် လက်ရှိအမှိုက်သိမ်းဆည်းမှုမှာ ထိရောက်မှုမရှိခြင်းကြောင့် အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှု အပြည့်အဝ ရရှိရေး၊ မြို့သာယာလှပရေးတို့အတွက် ကျောက်မဲမြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပုဂ္ဂလိက အမှိုက်သိမ်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် မေ ၅ ရက်နေ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် တင်ဒါခေါ်ယူခဲ့ရာ (Green Hope)ကုမ္ပဏီတစ်ခုတည်းသာ တင်ဒါ လျှောက်ထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေးလုပ်ငန်း တင်ဒါဖွင့်ဖောက်ရွေးချယ်ရေးကော်မတီမှ ပွင့်လင်းမြင်သာစွာ တင်ဒါဖွင့်ဖောက်ရွေးချယ်ခဲ့ရာ (Green Hope) အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းမှ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီမှ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့ပေါ်ရပ်ကွက် (၉) ခု၊ အဓိကလမ်းမကြီး (၄)လမ်းတို့တွင် အမှိုက်သိမ်းဆည်းရန် (၃)တန်တစ်ပါယာဉ် (၅) စီး၊ လမ်းကြားလမ်းသွယ်များဝင်ရောက်နိုင်ရန် ထော်လာဂျီ (၃) စီး၊ စုစုပေါင်း အမှိုက်သိမ်းယာဉ် (၈) စီးဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါရွေးချယ်ရေး အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (လားရှိုး)မှ ဒုတိယအင်ဂျင်နီယာမှူး ဦးညီညီသန့်၊ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN