ကျောက်မဲ ဩဂုတ် ၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကုန်းစုံကျေးရွာ အချိန်ပြည့် လျှပ်စစ်မီးရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် မေလစတုတ္ထအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးထံမှ သိရသည်။

 

ကျောက်မဲမြို့နယ်၊ ကုန်းစုံကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၁၁ ကေဗွီ ဓါတ်အားလိုင်း သွယ်တန်းခြင်းနှင့် ထရန်စဖော်မာ တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတွင်း ၄၀၀ ဗို့ ဓါတ်အားလိုင်းများ သွယ်တန်းနိုင်မှု မရှိခြင်းကြောင့် မီးမရရှိခဲ့ကြောင်း၊ ယခုအခါ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၄၀၀ ဗို့ဓါတ်အားလိုင်း ၉၇၄၀ ပေ သွယ်တန်းခြင်း လုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေများအနက်မှ ငွေကျပ် ၁၂၀ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၃၀ သိန်း၊ စုစုပေါင်းကုန်ကျငွေကျပ် ၅၅၀ သိန်းဖြင့် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာ အကူအညီ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မေလ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက ပြောပြ၍ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၁၅ အိမ်၊ လူဦးရေ ၅၅၉ ဦးတို့အတွက် အချိန်ပြည့် လျှပ်စစ်မီး ရရှိနိုင်မှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

 

နီလာ