ကျောက်မဲ ၂၂ အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်၊ ခန့်ခဲကျေးရွာအုပ်စု၊ နမ့်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော် ဦးဆောင်သော အဖွဲ့တို့ကွင်းဆင်းပြီး ဒေသခံပြည်သူများအား မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန် အန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါဟောပြောပွဲတွင် ခန့်ခဲနှင့်  နမ့်ဟင်ကျေးရွာမှ ပြည်သူများတက်ရောက်ခဲ့ကြပြီး ကြက်ခြေနီ အသင်းခွဲမှ ဒုတိယတပ်ဖွဲ့ခွဲမှူး လွေးဥမ္မာလိုင်က စစ်လက်နက်အကြွင်းအကျန်တွေ့ပါက ကိုင်တွယ် ဆော့ကစားခြင်း မပြုဘဲ သက်ဆိုင်ရာသို့ အကြောင်းကြားရန် အစရှိသည့် ဆောင်ရန်၊ ရှောင်ရန်များကို  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ပြည်သူများအား မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်အန္တရာယ် အသိပညာပေးခြင်း လက်ကမ်းစာစောင်များ၊ မိုင်းရုပ်ပုံကားချပ်များပါသောရောင်စုံစာအုပ်နှင့်ခဲတံများ၊ Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခန့်ခဲကျေးရွာအုပ်စုအတွင်း၌ အောက်တိုဘာ လဆန်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကြွင်းကျန်စစ်လက်နက်များနှင့် မိုင်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)

 

mdn