ကျောက်မဲ ၂၂ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင်နှင့် စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော သနပ်ခါးအမည်ခံ အလှကုန်များသည် စားသုံးသူကာကွယ်ရေး ဥပဒေပါ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖေါ်ပြပါရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြတ်မင်းစိုးနှင့် ဝန်ထမ်းများက ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဆိုင်များ၌ ပြည်တွင်းပြည်ပမှ တင်သွင်းလာ၍ ဖြန့်ဖြူးရောင်းချနေသည့် သနပ်ခါး အမည်ခံ အလှကုန်(၁၀)ဂရမ် အထက်နှင့် (၁၀)ဂရမ်အောက် ပစ္စည်းများတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပါရှိမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်ကုန်အညွှန်း အမှတ်အသားများမပါရှိသည့် ကုန်စည်များ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စားသုံးသူကာကွယ်ရေးဥပဒေအရ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် အစားအသောက်များ အစရှိသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး တွဲလျက်ဖြစ်စေ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖေါ်ပြချက်တို့ကို ပြည့်စုံစွာ ဖေါ်ပြရမည်ဖြစ်ကြောင်း၊ သတ်မှတ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖေါ်ပြထားခြင်း မရှိသည့် ကုန်စည်များကို ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)