ကျောက်မဲ   ၂၅   ဩဂုတ်  

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရပ်ကွက်နှင့် ဗဟိုဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များ၊ စတိုးဆိုင်များနှင့် ဈေးဆိုင်များတွင်  နှာခေါင်းစည်း(Surgical Mask)များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကို ကျောက်မဲခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်အတွင်း  ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးကူးစက်လူနာများ တွေ့ရှိမှုများပြားလာသည့်အခါ ပါးစပ်နှာခေါင်းစည်း(Mask)များကို စီးပွားရေးအမြတ်ထုတ်သည့် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး အတွက် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ 

 

အရည်အသွေးမြင့် ပါးစပ်နှာခေါင်းစည်း ၅၀ ခုပါ (Surgical Mask) ၁ ဘူးကို အများဆုံး  ငွေကျပ် ၄၀၀၀ ဖြင့်သာ ရောင်းချရန်နှင့် မတန်တဆ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဉပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း  အရောင်းဆိုင်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ပါးစပ်နှာခေါင်းစည်း(Mask)များ မတန်တဆဈေးနှုန်းမြှင့်တင် ရောင်းချနေသည့် ဆိုင်များအား အရေးယူရန်အတွက်  ပြည်သူများအနေဖြင့် ဝယ်ယူသည့် ဘောက်ချာနှင့် တကွ စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရှိရပြီး အဆိုပါအတိုင်ကြားခံရသည့် အရောင်းဆိုင်အား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဉပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)