မြိတ် ၂၆ ဇူလိုင်
ကျောက်ဖျာကျေးရွာအုပ်စုရှိ ကျောက်ဖျာမြို့သစ်စီမံကိန်း မြေဧရိယာ (၅၅၀၃ ဒသမ ၅၂) ဧကအနက် အုပ်ချုပ်မှုဇုန် မြေဧရိယာ (၁၁၉ ဒသမ ၁၉)ဧကတွင် ပါဝင်သွားသော မူလတောင်သူများအား တစ်ဧကလျှင် ငွေကျပ်သိန်း(၉၀)နှုန်းဖြင့် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ဆိမ့်ငယ်ရပ်ကွက်ရှိ ပုလဲရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မူလတောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျောက်ဖျာမြို့သစ်စီမံကိန်း ဧရိယာများအနက် အသုံးပြုရန်မရှိသည့် ပြန်လည်စွန့်လွှတ်မည့် မြေဧရိယာများနှင့် ပတ်သက်ပြီး လုပ်ထုံး၊ လုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ပြန်လည်စွန့်လွှတ်နိုင်ရေး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တာဝန်ရှိသူများက မူလတောင်သူ (၁၂)ဦးတို့အား မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးငွေများ အသီးသီးပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား ကျောက်ဖျာကျေးရွာမှ တောင်သူ ဦးရှင်းဟိုက ကျေးဇူတင်စကား ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် ကျောက်ဖျာမြို့သစ်စီမံကိန်းဧရိယာ (၅၅၀၃ ဒသမ ၅၂)ဧကတွင် ကျောက်ဖျာကျေးရွာ အုပ်စုရှိ ကွင်း(၉)ကွင်းမှ တောင်သူ (၈၁၃)ဦး၊ ဦးပိုင်ပေါင်း (၁၁၉၄)ဦးပိုင်နှင့် သဘွတ်ကျေးရွာ အုပ်စုရှိကွင်း (၆)ကွင်း၊ တောင်သူ (၂၇၉)ဦး၊ ဦးပိုင်(၃၆၆)ဦးပိုင် ပါဝင်ပြီး စုစုပေါင်းတောင်သူ (၁၀၉၂)ဦး၊ ဦးပိုင်ပေါင်း (၁၅၆၀)ဦးပိုင်ရှိ လယ်ယာမြေဧရိယာ (၁၂၇၉ ဒသမ ၄၉)ဧက၊ ဓနိမြေ (၃၉၅ ဒသမ ၂၅)ဧက၊ ဥယျာဉ်မြေ (၃၄၂၂ ဒသမ ၄၀)ဧကနှင့် တောရိုင်းမြေဧရိယာ (၄၀၆ ဒသမ ၄၈)ဧက ပါဝင်ကြောင်း မှတ်တမ်းများအရ သိရသည်။
မြင့်ဦး(မြိတ်)


