ကျောက်ဖြူ ဇူလိုင် ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)၏ မိုးရာသီ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၈ ရက် ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစား ဘောလုံးကွင်းကြီး၌ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယကျောင်းအုပ်ကြီးက ပြိုင်ပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် IT(A) အသင်းနှင့် EP(B)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး IT(A)အသင်းက EP(B) အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ခုနစ်သင်းပါဝင်ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲကာလမှာ ဇူလိုင် ၈ ရက်မှ ၂၂ ရက်အထိ ၁၅ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)