စစ်တွေ ၂၇ ဇွန်

ကျောက်ဖြူမြို့အား မိုးရာသီပင်လယ်ဒီရေဝင်ရောက်မှုနှင့် လယ်ယာမြေဧက တစ်ထောင်ကျော်အား ဆားငန်ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် ငလပွေ့တာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

11.

 

ငလပွေ့ရေငန်တားတာ တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် မိုးရာသီကာလများတွင် ထူးပေါက်များဖြစ်ပေါ်ခြင်း၊ တာနိမ့်ကျခြင်း၊ တာရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေအထူးပြင်ဆင်ခြင်း ခေါင်းစဉ်ဖြင့် အဆင့်မြှင့်တင်ပြုပြင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

33.

 

“ငလပွေ့တာကို ၁၉၅၄ ခုနှစ်က တည်ဆောက်ခဲ့တာဆိုတော့ တာမှာ ထူးပေါက်တာတွေ၊ တာနိမ့်ကျတာတွေ ဖြစ်လာတယ်။ ထူးပေါက်တယ်ဆိုတာ တာအတွင်းမြေကြီးထဲမှာ အခေါင်းကြီးတွေဖြစ်နေတာ။ ဒါကြောင့် မြစ်ဘက်အခြမ်းကနေ မြို့ဘက်အခြမ်းကို ဒီရေစိမ့်ထွက်ခြင်းတွေ ဖြစ်လာတယ်။ အထဲမှာဖြစ်နေတာဆိုတော့ တချို့ဟာတွေကျတော့ တာပွင့်ထွက်ပြီး ကျိုးပေါက်တော့မှ သိရှိရတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ထိန်းသိမ်းတာတွေ လုပ်ခဲ့တယ်။ ထူးပေါက်ကြောင့် တာကျိုးပေါက်မှုတွေကိုလည်း ပြန်လည်ပြုပြင်ခဲ့ရတယ်။ ဒါကြောင့် ပြည်ထောင်စုရန်ပုံငွေဖြင့် တာကိုအဆင့်မြှင့်တင်တာ၊ ထူးပေါက်တွေကိုခွဲပြီး ပြန်ပြင်တာ တာပေါင်ကို အဆင့်မြှင့်တင်တာတွေကို လုပ်ခဲ့တယ်။ အရင်တုန်းက တာပေါင်ရဲ့ ပျမ်းမျှအမြင့်က ၇ ပေလောက်ပဲရှိခဲ့တယ်။ ခုက ၁၀ ပေလောက်ထိရအောင် မြှင့်တင်ခဲ့တယ်။ ထိပ်ဝအကျယ် ကိုလည်း ၁၀ ပေကနေ ၁၂ ပေလောက်ထိ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်”ဟု ကျောက်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်လင်းထွန်းက ပြောသည်။

ငလပွေ့ရေငန်တားတာသည် ကျောက်ဖြူမြို့အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးသည့် တစ်ခုတည်းသော တာတမံဖြစ်ပြီး ယင်းတာတမံကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးခြင်းဖြင့် ကျောက်ဖြူမြို့ကမ်းနံဘေးရှိ ပြည်သူများအတွက် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်ခြင်း၊ လယ်ယာမြေများ ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေခြင်းတို့ကြောင့် နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကျန်ရှိသည့် အပိုင်းများကိုလည်း ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ ဆက်လက်ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပြောသည်။ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ငလပွေ့တာ (မြို့ပတ်ရေငန်တားတာ)ကို ကျောက်ဖြူမြို့နှင့် လယ်ယာမြေ (၁၂၂၃)ဧကအား ရေကြီးနစ်မြုပ်မှုနှင့် ပင်လယ်ဒီရေ ဝင်ရောက်မှုများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၁၉၅၅ တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အလျား ၄ ဒသမ ၆၃ မိုင်ခန့်နှင့် ကွန်ကရစ်ရေတံခါး ၂ ခုပါရှိကြောင်း သိရသည်။   

ဟန်မင်း