ကျောက်ဖြူ ဇွန် ၁၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပြုလုပ်သည့် ၂၀၂၁ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူသည့် ရဟန်းသံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ပေးအပ်ပွဲကို ဇွန် ၁၁ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်ရှိ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသထံမှ တက်ရောက် လာသည့် ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရာတော်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသည်။
ထို့နောက် စာအောင်သံဃာတော်များအား တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောက်ဖြူမြို့ ဓမ္မဆာယာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)