ကျောက်ဖြူ ဇူလိုင် ၁၂
ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရှေးဟောင်းတန်ခိုးကြီး ဘုရားများတွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်း ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုဒါနပြုလုပ်သူများ၊ ဘုရားဖူးပြည်သူများဖြင့် အထူး စည်ကားလျက်ရှိသည်။
ကျောက်ဖြူမြို့ပေါ်ရပ်ကွက်နေ ပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်း အသီးသီးသို့ သွားရောက်ပြီး ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်းများပြုလုပ်ကြပြီး သမိုင်းဝင်တန်ခိုးကြီး ဘုရားများဖြစ်သည့် ကံ့ကော်တောဘုရား၊ ကျောက်တစ်လုံးဘုရား၊ ဘုရားကြီးတောင်ဘုရား၊ စေတီယျတောင် ဘုရားတို့တွင်လည်း ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူ ပူဇော်သူများ၊ ကောင်းမှုဒါနများ ပြုလုပ်သူများ၊ တရားထိုင်ခြင်းပြုလုပ်သူများ၊ ဓမ္မစကြာတရား ရွတ်ဖတ်ပူဇော်သူများဖြင့် ကုသိုလ်ပြု စည်ကားလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း