ကျောက်ဖြူ ဧပြီ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ နှစ်သစ်ကူး မဟာသင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်တွင် နံနက် ၁၀ နာရီမှစ၍ ရေပက်ကစားသူများနှင့် ပင်လယ်ကမ်းခြေတစ်လျှောက် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတများနှင့်အတူ ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများကို စတုဒိသာအကျွေးအမွေးခြင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် ရပ်ကွက်အသီးသီးတွင်လည်း မဏ္ဍပ်ကြီးဆောက်လုပ်၍ လည်းကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များ ဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများ စုပေါင်း၍ လည်းကောင်း ရေပက်ခံထွက်သူများနှင့် ပင်လယ်ကမ်းခြေတစ်လျှောက် ရေကစားသူများ အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ 

ကျောက်ဖြူမြို့တွင် မြို့ပေါ်ရပ်ကွက်များ၍ ရေပက်ခံမဏ္ဍပ် ၄၀ ကျော်ခန့်ရှိပြီး မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအပြင် နီးစပ်ရာမြို့နယ်နှင့် ပြည်ပမှဧည့်သည်များပါ ကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်ကာ ရေပက်ခံပြီး အေးချမ်းစွာဖြင့် ရေကစားလျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)