ကျောက်ပန်းတောင်း  ၈   စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများ စိုက်ပျိုးသည့် သခွားသီးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် စိုက်ပျိုးသည့် တောင်သူများ အခက်အခဲကြုံတွေ့နေရကြာင်း မုန့်ကုန်းကျေးရွာ သခွားစိုက်တောင်သူ ဦးနန်းတင်ထံမှ  သိရသည်။

 

mdn

 

သခွားစိုက်ပျိုးခြင်းကို ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာ ဖြစ်ကြသော လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ကုန်းတဲကျေးရွာ၊ မုန့်ကုန်း ကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာများသည် သခွားစိုက်ပျိုး ကြသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။ သခွားသီးစိုက်ပျိုးရာတွင် ကိုးသုံးလုံးတံဆိပ် ဝယ်ယူစိုက်ပျိုးရကာ အစေ့တိုက်ရိုက် စိုက်ပျိုးရပြီး နှစ်ပေခြား စိုက်ပျိုးပေးရကြောင်း၊ တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်လပြည့်လျှင် အသီး စတင်သီးကြောင်း၊ အသီးစတင်ပေါ်ချိန်မှစကာ သုံးရက်တစ်ကြိမ် ဆွတ်ခူးရပြီး ရေသွင်းသည့်အခါ မြောင်းစနစ်ဖြင့် ရေသွင်းမှသာ အဆင်ပြေကြောင်း၊ ရေကြိုက်သည့်သခွားမျိုးဖြစ်ပြီး သခွားသီးစတင် ပေါ်ချိန်က တစ်လုံးလျှင် ငွေကျပ်  ၅၀ ရောင်းချခဲ့ရကာ သခွားစိုက်တောင်သူများ အသီးလှိုင်လှိုင်ပေါ်ချိန် တစ်လုံးလျှင် ငွေကျပ် ၃၀ သာရောင်းချရခြင်းကြောင့် စိုက်စရိတ်အရင်းအနှီးပြန်ရဖို့ပင် ခက်ခဲ နေရကြောင်း လဲဂွကျေးရွာ သခွားစိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

 

ထွက်ရှိလာသည့် သခွားသီးများကို ကျောက်ပန်းတောင်းမြို့မဈေးသို့ သွားရောက်ရောင်းချခြင်း၊ ကုန်းစိမ်းပွဲစားများ အခင်းအထိ လာရောက်ဝယ်ယူခြင်းများရှိသော်လည်း သခွားသီးတစ်လုံး ၁၀ဝ ကျပ်၊ ၁၂၀ ကျပ် ရောင်းချရမှသာ စိုက်ပျိုးစရိတ်ကာမိပြီး အမြတ်ထွက်ကြောင်း၊ တစ်လုံးကျပ် ၃၀ သာ ရောင်းချနေရခြင်းကြောင့် သခွားစိုက်တောင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သခွားစိုက်တောင်သူ ဦးတင်ထွန်းအောင်က  ပြောသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)