ကျောက်ပန်းတောင်း ဧပြီ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်အကြိုမတိုင်မီ ဧပြီ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရောင်းသူ၊ ဝယ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလတွင် မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီ ဈေးသစ်ကြီးတို့မှာ ပိတ်ထားမည်ဖြစ်သည့်အပြင်၊ သင်္ကြန်ကာလအတွင်း တောလက်ကျေးရွာများမှ ဈေးကားများ အခက်အခဲဖြစ်မည်ဖြစ်သဖြင့် မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်မတိုင်မီ စားသောက်ဖွယ်ရာများ ကြိုတင်ဝယ်ယူခြင်း၊ အလှူ အတန်းပြုလုပ်ရန် ဝယ်ယူခြင်းနှင့် သင်္ကြန်အကြိုအတာအိုး၊ အတာပန်း ဝယ်ယူသူ၊ ရောင်းချသူများဖြင့် တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

 

“ သင်္ကြန်ရက် ဈေးကြီးကပိတ်မှာဆိုတော့ ဝယ်စရာရှိတာ ကြိုဝယ်ကြတဲ့ သူတွေကများတယ်။ ပြီးတော့ သင်္ကြန်တွင်းမှာ အလှူအတန်းလုပ်မဲ့သူတွေ၊ နှစ်ဆန်းတစ်ရက်နေ့မှာ အလှူအတန်းလုပ်မဲ့သူတွေနဲ့ အိမ်မီးဖိုချောင် အတွက် ကြိုတင်ဝယ်သူတွေနဲ့ အမျိုးမျိုးပေါ့။ နောက်ပြီး မြန်မာ့ ရိုးရာ သင်္ကြန်အကြို အတာအိုးနဲ့ အတာပန်းကလည်း ဒီရက်မှ စရောင်းကြတာလေ။ အရင်ဈေးသည်မဟုတ်တဲ့သူတွေကလည်း ဗန်းလေးခင်း ပန်းလေးခင်းပြီး ရောင်းကြတာပဲ။ ဘာလို့ဆို အတာပန်းက ထွေထွေထူးထူးရှာစရာမလိုဘူး။ သပြေသုံး/လေးညွန့်ရယ်၊ အုန်းညွန့်ရယ်၊ တမာရယ်၊ မေမြို့ပန်းလေး လေး/ငါးပွင့်ရယ်၊ ဒန်းညွန့်၊ သီးညွန့်တွေပေါ့။ အများဆုံးကတော့ တမာခက်၊ တမာပန်းပေါ့လေ။ ဈေးကတော့ မများပါဘူး။ တစ်စီးမှ သုံးရာကျပ်။ အတာအိုးက တစ်လုံး(၄၀၀)ပါပဲ။ ကျန်တာတွေကတော့ အကုန် ဈေးတက်တယ် ဟု  တွင်းဖြူကျေးရွာမှ ဈေးဝယ်လာသူ တစ်ဦးကပြောပါသည်။

 

နေအောင်(ပြန်/ဆက်)