ကျောက်ပန်းတောင်း ၃၁ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တယ်ပင်တဲကျေးရွာအုပ်စု၊ ပြည်သာယာ ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲများကို ဩဂုတ် ၃၀ ရက် ညနေ ၅ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မိုးနှင့် ဝန်ထမ်းများက ညနေ ၅ နာရီခွဲတွင် တယ်ပင်တဲကျေးရွာအုပ်စုရှိ ပြည်သာယာကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တ ကစ္စယန က ကျေးရွာထရန်စဖော်မာ မိန်းခလုတ်ကိုတင်၍ မီးစတင်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ညနေ ၆ နာရီ ၁၅ မိနစ်တွင် တယ်ပင်တဲကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာသို့ ရောက်ရှိကြပြီး မီးလင်းရေးဖွင့်ပွဲ ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်က လျှပ်စစ်မီးကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ပညာပေး ပြောကြားကာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မိုးတို့က ကျေးရွာမီးလင်းရေး လုပ်ငန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျေးရွာမီးကော်မတီဥက္ကဋ္ဌ ဦးမြင့်ရွှေက မိန်းခလုတ်ကိုတင်၍ မီးစတင်ဖွင့်လှစ်ပေးသည်။
အဆိုပါ ကျေးရွာမီးလင်းရေးဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးစိုးမြင့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မိုးနှင့် ဝန်ထမ်းများ၊ ကုမ္ပဏီ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


