ကျောက်ပန်းတောင်း ၁၆ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာတွင် နှံစားပြောင်း စိုက်ခင်းများ၌ ကော်ဖီကျိုင်းကောင်များ ကျရောက်နေကြောင်း ဒေသခံတောင်သူများ၏ သတင်းပေးချက်အရ ဩဂုတ် ၁၆ ရက် နံနက် ၉ နာရီခွဲက ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအဖွဲ့က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံပိုးမွှားကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်သန်းမြင့်၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေတို့ ဦးဆောင်သော ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအဖွဲ့က ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာမှ ဒေသခံတောင်သူများ လိုက်ပါ၍ ကော်ဖီကျိုင်းကောင်များ ကျရောက်နေသော ပြောင်းစိုက်ခင်းများသို့ သွားရောက်၍ကြည့်ရှုစစ်ဆေးပြီး ပိုးသတ်ဆေးများဖြင့် စုပေါင်းပက်ဖျန်း နှိမ်နင်းခဲ့ကြသည်။
ထို့နောက် ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့သည် သံဘိုကျေးရွာရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးနှံစိုက်ခင်းများအလိုက် ကျရောက်နိုင်သော ရောဂါပိုးမွှားများအကြောင်း သိကောင်းစရာများ၊ ကျိုင်းကောင်များအကြောင်း သိကောင်းစရာများနှင့် ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျိုင်းကောင်းများနှင့် ပက်သက်၍ ကာကွယ်နှိမ်နင်းရမည့် အသိပညာပေး လက်ကမ်းစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
