ကျောက်ပန်းတောင်း ၃၀ ဩဂုတ်
ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၁၃၀၁)ဦးတို့အား အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်း ဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးသန့်က ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အင်တောကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်နှင့် မြို့မကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ညွန့်အားလည်းကောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်က မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းငွေအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးသန့်က အိုင်လျားတောင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးနန်းအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များသည် သီရိမင်္ဂလာရပ်ကွက်နှင့် အင်တောကျေးရွာများရှိ သက်ကြီးဘိုးဘွားများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကျောက်ပန်းတောင်း မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း (၁၃၀၁) ဦးတို့အား (ဇူလိုင်၊ဩဂုတ် နှင့်စက်တင်ဘာ) (၃) လအတွက် စုစုပေါင်းငွေကျပ် သိန်းပေါင်း (၃၉၀၃) သိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်နှင့် ဒုတိယဦးစီးမှူးများ၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးသန့်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)


