ကျောက်ပန်းတောင်း ၁၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက်၊ အဆင့်မြင့် ထရန်စဖော်မာ အစားထိုး တပ်ဆင်ခြင်းလုပ်ငန်းများကို ဇူလိုင် (၁၀)ရက် နံနက်(ဝ၀)နာရီက စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင်(၁၁)ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်တွင် တပ်ဆင်မှုလုပ်ငန်း များပြီးစီးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ အသုံးပြုနိုင်စေရန်အတွက် 66/11 KV (10) MVA အစား 66/11 KV (20) MVA ထရန်စဖော်မာဖြင့် အစားထိုး တပ်ဆင်ခြင်းလုပ်ငန်းကို ဇူလိုင်(၁၀)ရက်နေ့၊ နံနက်(ဝ၀)နာရီက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်(၁၁)ရက်နေ့၊ ညနေ(၆)နာရီအပြီး တပ်ဆင်ရန် လျာထားဆောင်ရွက်ခဲ့သော်လည်း မထင်မှတ်ပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုပ်ငန်းအနည်းငယ် ကြန့်ကြာမှုဖြစ်ခဲ့ပြီး၊ ည ၈ နာရီ ၄၅ မိနစ်တွင် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်၍ ပြည်သူများထံလျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဆင့်မြင့်ထရန်စဖော်မာ အစားထိုး တပ်ဆင်ခြင်းလုပ်ငန်းကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လက်ထောက်မန်နေဂျာ ဦးဝင်းနိုင်ဦး၊ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မန်နေဂျာ ဦးစိုးမြင့်နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန့်စင်ဝင်းနှင့် ဝန်ထမ်းများ၊ ညောင်ဦးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇော်ဦးနှင့် Asia General Electric Holding Co,Ltd မှ အင်ဂျင်နှီယာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


