ကော့ကရိတ် ၁၅ ဇူလိုင်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၂၇ ရွာ၌ COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများအား လျော့နည်းသက်သာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရန် Cash for Work စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“ကျေးလက်နေပြည်သူတွေ COVID-19 ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နဲ့ ဝင်ငွေရရှိစေဖို့ ခရိုင်အတွင်း ကျေးရွာ ၂၇ ရွာမှာ Cash for Work စီမံကိန်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မယ့်ကျေးရွာတွေမှာ COVID-19 ရောဂါ ကာလအတွင်း နိုင်ငံခြားမှာ အလုပ်မလုပ်နိုင်တော့လို့ ရွာပြန်လာတဲ့သူတွေ၊ ရပ်ဝေးဒေသတွေမှာ အလုပ်အကိုင် မကောင်းမွန်တာကြောင့် ပြန်လာကြသူတွေ၊ ကျေးရွာရှိ အလုပ်အကိုင်မဲ့နေသူတွေကို စီမံကိန်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေမှာ ဖြစ်ပါတယ်” ဟု ကော့ကရိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းက ပြောပြသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကို အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
“ စီမံကိန်းကို ကော့ကရိတ်ခရိုင်အတွင်းရှိ ကော့ကရိတ်မြို့နယ်မှ ကျေးရွာ ၁၂ ရွာနဲ့ ကြားအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာ ၁၅ ရွာ စုစုပေါင်း ကျေးရွာ ၂၇ ရွာတွင် အကောင်အထည်ဖောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ကျေးရွာတစ်ရွာကို ခွင့်ပြုငွေကျပ် သိန်းတစ်ရာ ချထားပေးမှာ ဖြစ်ပါတယ်။ အဲဒီရန်ပုံငွေနဲ့ ကျေးရွာမှာ လိုအပ်တဲ့ ရေနုတ်မြောင်း တူးဖော်တာ၊ ကျေးရွာသောက်သုံးရေကန် ပြုပြင်တူးဖော်တာ အခြေခံအဆောက်အအုံတွေ ဆောက်တာ စတဲ့ ကျေးရွာဖွံ့ဖြိးရေးလုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာ မှာ တစ်နေ့တာ လုပ်အားခကို ကျား၊ မ မရွေး လူတစ်ဦး ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ် သတ်မှတ်ထားပါတယ်”ဟု ဦးစိုးနိုင်ဝင်းက ဆက်လက်ပြောကြားသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများသို့ ကော့ကရိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်း၊ သက်ဆိုင်ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာနေပြည်သူများ ထောက်ခံမဲဆန္ဒများနှင့်အတူ ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်ခဲ့ပြီး ယနေ့အထိ စီမံကိန်းကျေးရွာအားလုံး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျော်ဦး


