ကော့ကရိတ် ၁ သြဂုတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့အရောင်း ဆိုင်များ၌ တားမြစ်ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်ထားသောဥပဒေများ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးနှင့် ပူးပေါင်းအဖွဲ့က ကော့ကရိတ်မြို့တွင် အရောင်းဆိုင်(၂)ဆိုင်နှင့် ကျုံဒိုးမြို့တွင် အရောင်းဆိုင် (၇)ဆိုင်တို့အား မျိုးစေ့ထုတ်များရောင်းချရာ၌ သက်တမ်းလွန် မျိုးစေ့ထုတ်များ ရောင်းချခြင်းမပြုရေး၊ မြေသြဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ မျိုးစေ့ဥပဒေ စသည့် ထုတ်ပြန်ထားသည့် ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့နယ်တွင် ဓာတ်မြေသြဇာ အရောင်းဆိုင် (၂၂)ဆိုင်၊ ပိုးသတ်ဆေးအရောင်းဆိုင် (၁၂)ဆိုင်၊ မျိုးစေ့၊ ပျိုးပင် အရောင်းဆိုင် (၇)ဆိုင်ရှိပြီး စစ်ဆေးရန်ကျန်ရှိသော အရောင်းဆိုင်များကို ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ် ပြန်/ဆက်)