ကော့ကရိတ် ဇူလိုင် ၁၈
ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် သုတရသစာအုပ်များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန (community Centre ) ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
လှူဒါန်းပွဲတွင် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မြို့နယ်အတွင်း စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် အတွင်းရေးမှူးဦးတင်မောင်စိန်က စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဖြစ်သည့် Book review များ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားသည်။
ထိုနောက် စာကြည့်တိုက်များအတွက် သုတရသစာအုပ်(၂၀၀) ပေးအပ်လှူဒါန်းရာ ကော့ကရိတ်မြို့နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမန်းတင့်မော်နှင့် ခရိုင်ပြန်ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်တို့က လက်ခံရယူကြသည်။
ယင်းလှူဒါန်းရရှိသော စာအုပ်များကို ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များနှင့် ပြည်သူ့စာကြည့်တိုက်သို့ ဆက်လက်လှုဒါန်းသွားမည်ဖြစ်ပါသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)