ကော့ကရိတ် ဇွန် ၇
ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ဒေါနခန်းမ၌ ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ရာတွင် ကော့ကရိတ်မြို့ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး၊ စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၃၁)စု၊ တစ်ပတ်စာဆန်ရိက္ခာ လူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၁၁၇၉ ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၈၆၇၅၉၀၀ နှင့် ပျက်စီးနေအိမ်တစ်လုံးလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလတ်စတစ်ပုံး တစ်ပုံးစီအား မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် မိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)