ကော့ကရိတ် ၃၀ ဇွန်
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ (NRC) (Norwegian Refugee Council) တို့ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ဝင်းကကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဒေါ်နန်းသူဇာဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်သည် ကျေးရွာရှိအသက်(၁၀)နှစ်ပြည့်ပြီးသူတိုင်း ရှိထားရန် လိုအပ်ကြောင်း၊ ၂၀၂၀တွင် မဲပေးရန်အတွက် မိမိ၏ မှတ်ပုံတင်နံပါတ်ကို သိရှိထားရန်လိုကြောင်း၊ ခရီးသွားလာရာတွင် မှတ်ပုံတင်များ ယူဆောင်သွားရန် အရေးကြီးပါကြောင်း ရှင်းလင်းပြောကြားသည်။ ထိုနောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူး ဦးကျော်ကျော်နိုင်က မှတ်ပုံတင်နှင့်ပတ်သက်သော နိုင်ငံသားစိစစ်ရေး ဥပဒေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ အသက်(၁၀)နှစ်အထက်၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၈၇)ကတ်အား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစောဘီစံသိန်းမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝင်းကကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူ စုစုပေါင်း(၂၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


