ကော့ကရိတ် ၃၀ ဇွန်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဆိုင်ကယ်စီး ဦးထုပ်ဖြန့်ဝေပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇နာရီခွဲအချိန်က ဇိနသုခလောကသရဖူ စေတီတော်ဝန်းအတွင်းရှိ သဟပုညကာရီ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်းက ဆိုင်ကယ်စီးသူများ၏ အသက်အန္တရာယ်ကို ကာကွယ်သည့်အနေဖြင့် ဆိုင်ကယ်ဦးထုပ်များဆောင်းရန် လိုအပ်ကြောင်းနှင့် ဆိုင်ကယ်ဦးထုပ်များ ရရှိပါက မဆောင်းဘဲ မနေကြရန် ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူးဒေါ်တင်တင်ဌေးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် ဆိုင်ကယ်ဦးထုပ်(၃၅)လုံးကို တက်ရောက်လာသည့် ပြည်သူများအား မဲဖောက်၍ အခမဲ့ပေးဝေခြင်း၊ စတေကာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဒေါ်နန်းသူဇာဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးစောဘီစံသိန်းမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းကိုခိုင်၊ ပြည်နယ်ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်တင်တင်ဌေး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


